နေပြည်တော်ပြည်ထောင်စုနယ်မြေမှာရှိတဲ့ ပေါင်းလောင်းဆည်ဟာ ခိုင်ခံ့မှုရှိပြီး စိုးရိမ်ဖွယ်ရာမရှိဘူးလို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ(၂၂)ရက်မှာထုတ်ပြန်ပါတယ်။
လတ်တလောထွက်ပေါ်နေတဲ့ ပေါင်းလောင်းဆည်ကျိုးမယ်ဆိုတဲ့သတင်းဟာ လုံးဝဖြစ်နိုင်ချေမရှိဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တမံဟာ ကျောက်သားနဲ့တည်ဆောက်ထားတဲ့ Rock Fill Dam အမျိုး အစားတမံဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီတမံဟာ အမြင့်ပေ ၄၃၀ နဲ့ အလျား ပေ ၃၁၀၀ ရှိပြီးတော့ ရေကျော်နေတဲ့ရေပိုလွှဲကလည်း အကျယ် ၄၆၁ ပေ ရှိတယ်လို့သိရပါတယ်။ ရေပိုလွှဲရဲ့ ရေကျော်နိုင်တဲ့ ခံနိုင်ရည်အားဒီဇိုင်းတွက်ချက်မှုအရ ၂၁ ပေ ရေကျော်နိုင်တာဖြစ်ပြီး လက်ရှိရေကျော်နေတာက ၆ ဒသမ ၃ ပေ ရှိတာကြောင့် စိုးရိမ်ဖွယ်မရှိဘူးလို့ထုတ်ပြန်ထားတာပါ။
လက်ရှိအခြေအနေမှာ တမံထိပ်ပြင်ရောက်ဖို့ဆိုရင် အမြင့် ၃၆ ပေ လောက်လိုနေသေးပြီး အခုလောက်အထိ တက်လာဖို့လည်းမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။
လက်ရှိမှာ ရေပိုလွှဲမှာရေကျော်နေတဲ့ အသိပေးအလံအစိမ်းသာ ထောင်ထားတာဖြစ်ပြီး အလံအနီနဲ့ Red Alert လုပ်ထားတာလုံးဝမရှိဘူးလို့လည်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကသိရပါတယ်။
ဆည်မှာ ရာဂီမုန်တိုင်းမိုးကြောင့် ရေပိုလွှဲပေါ်က ၁၁ ဒသမ ၈၇ ပေအထိ အမြင့်ဆုံးကျော်ခဲ့ပြီး အခုရေပြန်ကျနေပြီလို့လည်း သိရပါတယ်။ နေပြည်တော်မှာဆည်တမံ ၁၂ ခုရှိတဲ့အနက် မုန်၊ ငလိုက်နဲ့ပေါင်းလောင်းဆည်တို့ဟာ ရေကျော်နေပြီး ပေါင်းလောင်းဆည်ဟာ အများဆုံးရေကျော်နေတာဖြစ်ပါတယ်။