ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အမ်ပေါက်စ်လို့ခေါ်တဲ့ မျောက်ကျောက်ဗိုင်းရပ်စ်ကူးစက်ရောဂါကို ကမ္ဘာ့လုံး ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
ဒါဟာ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရောဂါကူးစက်မှုတွေ အိမ်နီးချင်းနိုင်ငံတွေဆီ ပျံ့နှံ့လာတဲ့နောက် နှစ်နှစ်အတွင်း ဒုတိယအကြိမ်အဖြစ် အခုလို ထပ်မံကြေညာတာပါ။
အဲဒီရောဂါဖြစ်ပွားမှုကို ရပ်တန့်ဖို့နဲ့ လူ့အသက် တွေကို ကယ်တင်ဖို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ မရှိမဖြစ် လိုအပ်နေတယ်ဆိုတာ ထင်ရှား ကြောင်း WHO အကြီးအကဲ တက်ရော့ဒ် အဒါနွန် ဂျီဘရီရယ်ဆပ်စ်က ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရောဂါတစ်ခုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာတာ က အဲဒီရောဂါနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေ၊ ရန်ပုံငွေနဲ့ နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုတွေနဲ့ ရောဂါထိန်းချုပ်ရေး အားထုတ်မှုတွေကို အရှိန်မြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကွန်ဂိုမှာ Clade I (ကလတ်ဒ် အိုင်) မျိုးစိတ်အဖြစ်နဲ့ ကူးစက်ပျံ့ပွားခဲ့တဲ့ အမ်ပေါက်စ်ဟာ Clade IB အဖြစ် အသွင်ပြောင်းလဲကာ အိမ်နီးချင်းနိုင်ငံတွေမှာ အထူးသဖြင့် ကလေးငယ်တွေမှာ မြန်မြန်ဆန်ဆန် ကူးစက်လာခဲ့ပါတယ်။
၂၀၂၂ ခုနှစ်တုန်းက အမ်ပေါက်စ် ဗိုင်းရပ်စ်နဲ့ မတူတဲ့ Clade IIB လို့ခေါ်တဲ့ မျိုးကွဲဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ခဲ့ဖူးပြီး အဓိကအားဖြင့် အမျိုးသားချင်း လိင်တူဆက်ဆံမှုကနေ ကူးစက်မှု များပြားခဲ့ပါတယ်။
အဲဒီအတွက် WHO အဖွဲ့ကြီးက ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရဖူးပြီး ၁၀ လ အကြာမှာ အဆုံးသတ်ခဲ့ပါတယ်။