ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်ခဲ့တဲ့ အတွက် အိမ်ထောင်စု ၂၀၀၀ ကျော်ကို ရေဘေးကယ်ဆယ်ရေးစခန်း ၃၀ ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေ ဆောင်ရွက်ပေးနေတယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကနေ သိရပါတယ်။

ဇွန်လ ၂ ရက်က မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ကျော်လွန် ရောက်ရှိခဲ့တာကြောင့် ရေဝင်ရောက်တဲ့ ရပ်ကွက်ဧရိယာ တိုးလာခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း တိုးချဲ့ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။မြစ်ကြီးနားမြို့မှာတော့ ဇွန်လ ၂ ရက်၊ မွန်းလွဲပိုင်းအထိ ရေဘေးသင့်အိမ်ထောင်စု (၂၂၅၇) စု၊ လူဦးရေ တစ်သောင်း ကျော်ကို ရေဘေးကယ်ဆယ်ရေးစခန်း ၃၀ ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ရေဘေးသင့် အိမ်ထောင်စုတွေ နေထိုင်စားသောက်ရေး နဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေ အဆင်ပြေ စေဖို့ ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ ဆီ စားသောက်ဖွယ်ရာတွေ နဲ့ ရေသန့်ဘူးတွေကို ထောက်ပံ့ပေးအပ်နေတယ်လို့လည်း သိရပါတယ်။ဒါ့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာလည်း မြစ်ရေဝင်ရောက်တဲ့အတွက် ရေဘေးသင့် ပြည်သူတွေကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ နဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။