မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီး၊ပြည်နယ်(၆)ခုမှာ သေဆုံးသူ (၃၇၃၉)ယောက်အထိ ရှိလာပြီလို့ မေလ (၂၇)ရက်ထိ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ (၅၁၀၄)ယောက်နဲ့ ပျောက်ဆုံး သူ(၆၈)ယောက် ရှိတယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနနဲ့ ပြည်တွင်းပြည်ပက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ လိုအပ်တဲ့ ဒေသတွေကို သွားရောက်ပြီး အချိန်နဲ့တစ်ပြေးညီ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ အဆောက်အဦအတွင်း ပိတ်မိနေသူတွေထဲက (၆၅၃)ယောက်ကို အသက်ရှင်လျက် ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ(၈၁၆)ယောက်ကို ရှာဖွေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ပြီး နောက်ဆက်တွဲမြေငလျင်ငယ်တွေ လှုပ်ခတ်မှုဟာ မေ ၂၇ ရက်၊ ည ၁၁ နာရီ ၃၄ မိနစ်ထိ (၁၈၃)ကြိမ် လှုပ်ခတ်ခဲ့ပြီး ဖြစ်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။