အသည်းရောင်အသားဝါ စီရောဂါ ကုသဆေးဝယ်ယူမှုအနေနဲ့ ၂၀၂၄-၂၀၂၅ ခုနှစ်ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်းပေါင်း ၃၄၈ ဒသမ ၈၂ သန်းဖိုးခန့် ဝယ်ယူဖြည့်တင်းခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။ဇွန်လ(၄)ရက် မနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ အသည်း ရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း နာတာရှည် အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားစေတတ်တဲ့ ဘီပိုးနဲ့ စီပိုးတွေကို လာမယ့်၂၀၃၀ ပြည့်နှစ်မှာ ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်ကနေ ကင်းစင်ပပျောက်ရေး ရည်မှန်းချက်ထားရှိပြီး ၂၀၁၄ ခုနှစ်ကစတင်ကာ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကုသရေးလမ်းညွှန်တွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။အသည်းရောင်အသားဝါရောဂါစီပိုးဟာ ကုသဆေးတွေနဲ့ လုံးဝပျောက်ကင်းအောင်ကုသနိုင်သလို အသည်းရောင် အသားဝါရောဂါ ဘီပိုးကိုလည်း ကာကွယ်ဆေးတွေ စနစ်တကျထိုးနှံတာနဲ့ ကာကွယ်နိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အသည်းရောင်အသားဝါ စီပိုး ကုသတာကို အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေမှာ အစောဆုံးနိုင်ငံ အဖြစ် ၂၀၁၇ ခုနှစ်ကစတင်ပြီး သတ်မှတ်ထားတဲ့ ပြည်သူ့ဆေးရုံကြီးတွေမှာ အခမဲ့ကုသပေးနေသလို ရောဂါ စစ်ဆေးတာတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ကုသရေးဆေးဝါးတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုင်ငံတော် ရန်ပုံငွေနဲ့ နှစ်စဉ်ဝယ်ယူခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။