တရားမဝင်တင်သွင်းထားတဲ့ OXYTOCIN (အောက်ဆီတိုစင်) ဆေးဘူးနဲ့ ဆေးကတ်တွေကို ဈေးကွက်အတွင်းမှာ ရောင်းချတာတွေ ရှိတဲ့အတွက် သုံးစွဲဖို့ မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ဖေဖော်ဝါရီ ၁၇ ရက်က အသိပေး ကြေညာလိုက်ပါတယ်။ ဈေးကွက်အတွင်းရှိ ဆေးဝါးတွေကို ပုံမှန်စစ်ဆေးနေရာ အရည်အသွေး၊ အာနိသင်၊ ဘေးအန္တရာယ် အာမခံချက် မရှိတဲ့ ဆေးဝါးမှတ်ပုံတင်မရှိတဲ့ OXYTOCIN (အောက်ဆီ တိုစင်) ဆေးဘူးနဲ့ ဆေးကတ်တွေ ရောင်းချနေတာတွေ ရှိ တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အများပြည်သူတွေ သိရှိ သတိပြုနိုင်ဖို့နဲ့ သုံးစွဲတာကနေ ရှောင်ကြဉ်နိုင်ဖို့အတွက် မှတ်ပုံတင်ရှိတဲ့ OXYTOCIN (အောက်ဆီတိုစင်) ဆေးဝါးတွေနဲ့ တရားဝင် မှတ်ပုံတင်မထားတဲ့ OXYTOCIN (အောက်ဆီတိုစင်) ဆေးဝါးတွေကို နှိုင်းယှဉ်ပြီး အသိပေး ဖော်ပြထားတာပါ။တရားဝင် တင်သွင်းထားတဲ့ ဆေးဘူးနဲ့ ဆေးကတ်တွေမှာ မြန်မာနိုင်ငံရဲ့ ဆေးဝါးမှတ်ပုံတင်အမှတ် ပါရှိပြီး စာသား တွေမှာ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားပါတယ်။

တရားမဝင် တင်သွင်းထားတဲ့ ဆေးဘူးနဲ့ဆေးကတ်တွေမှာ မြန်မာ နိုင်ငံရဲ့ ဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိဘဲ စာသားတွေကလည်း ပါကစ္စတန်ဘာသာနဲ့ ဖော်ပြထားတာ တွေ့ရ တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။ OXYTOCIN (အောက်ဆီတိုစင်) ဆေးဝါးတွေကတော့ သားအိမ်ကို ညှစ် စေတဲ့ သဘာဝဟော်မုန်းဆေးတစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။