မကြာမီအချိန်ကာလမှာ မိုးရာသီရောက်ရှိတော့မှာဖြစ်တဲ့အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတွေ မဖြစ်ပွားစေဖို့အတွက် သတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မသန့်ရှင်းတဲ့ရေနဲ့ မသန့်ရှင်းတဲ့အစားအစာတွေ စားသောက်မိရာကနေ ကူးစက်နိုင်ပြီး မိုးဦးကျကာလနဲ့ မိုးအကုန်ဆောင်းအကူးကာလတွေမှာ အဖြစ်များတယ်လို့ဆိုပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားရင် အရည်ဝမ်းသွားတာ၊ ငါးညှီနံ့နံတဲ့ဆန်ဆေးရည်လိုဝမ်းသွားတာ၊ အော့အန်တာနဲ့ နှလုံးခုန်နှုန်းမြန်တာ၊ အရေပြားတွေကျုံ့နိုင်ဆန့်နိုင်အားလျော့နည်းလာတာ၊ မျက်တွင်းချိုင့်ဝင်တာ၊ ခံတွင်း၊ လျှာနဲ့ နှုတ်ခမ်းတွေခြောက်သွေ့တာ၊ ကြွက်တတ်တာနဲ့ သတိလစ်တာ စတဲ့ရောဂါလက္ခဏာတွေဖြစ်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဝမ်းပျက်ဝမ်းလျှောရောဂါကို အချိန်မီကုသမှုမခံယူရင် အသက်သေဆုံးနိုင်တဲ့အတွက် ရောဂါဖြစ်ပွားတယ်လို့သံသယရှိရင် နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံဆေးခန်းတွေကို သတင်းပေးပို့ပြီး ထိရောက်တဲ့ကုသမှုခံယူဖို့လိုအပ်ပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါဖြစ်တဲ့အတွက် လက်ကိုစနစ်တကျဆေးကြောပေးဖို့လိုအပ်သလို ခြင်၊ ယင်တွေ မပေါက်ပွားစေဖို့ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်အစားအစာတွေကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသင့်သလို ယင်မနားအောင်လည်း လုံခြုံစွာဖုံးအုပ်ထားဖို့ လိုအပ်ပါတယ်။ရောဂါဖြစ်ပွားရင် ဆေးရုံဆေးခန်းမသွားခင် ရေဓါတ်ပြည့်ဝစေဖို့ ဓာတ်ဆားရည်သောက်ဖို့လိုအပ်ပြီး တကယ်လို့ဓာတ်ဆားထုပ်မရှိခဲ့ရင် ကျိုချက်ထားတဲ့ရေ ဒါမှမဟုတ် ရေသန့်၁လီတာထဲမှာ လက်ဖက်စားဇွန်းနဲ့ သကြား(၈)ဇွန်း၊ ဆား(၁)ဇွန်းထည့်ဖျော်ပြီး သောက်သုံးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။