မကွေးမြို့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ တောင်တွင်းကြီးမြို့က ကိုဗစ်လူနာတစ်ယောက်ဟာ ဇွန်လ (၁၇)ရက်က သေဆုံးသွားတယ်လို့ မကွေးမြို့ မြေပြင်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်လူနာဟာ တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မကွေးမြို့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေစဉ် သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။သေဆုံးသွားတဲ့ ကိုဗစ်လူနာကို မြေပြင်လူမှုကယ်ဆယ်ရေးအသင်းက စနစ်တကျ ထုပ်ပိုးပြီး ဇွန်လ ၁၈ ရက်က မကွေးမြို့၊ ချမ်းမြေ့သာယာသုသာန်ကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသစ်တွေ ပြန်လည်တွေ့ရှိလာရပြီး လူနာသစ် တွေ့ရှိမှုက အပတ်စဉ် တိုးမြင့်လာခဲ့တာ ဖြစ်ပါတယ်။အခုသေဆုံးသူအပါအဝင် ၂၀၂၀ ပြည့်နှစ်၊ မတ်လကစလို့ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူဦးရေ ၁၉၄၉၅ ယောက် ရှိပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။