ထိုင်းနိုင်ငံမှာ ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၇ ရက်အထိ အအေးမိ တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၅,၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ သေဆုံးသူ ၃ ယောက်အထိ ရှိလာတာကြောင့် အထူးသတိထားကြဖို့ ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်တွေ ထုတ်ပြန်လာပါတယ်။

တုပ်ကွေးရောဂါဟာ နိုင်ငံတစ်ဝန်းမှာ ပြင်းထန်စွာ ပျံ့နှံ့နေပြီး တစ်လအတွင်း သေဆုံးသူ ၃ ယောက်ရှိလာတာကြောင့် စိုးရိမ်စရာအနေအထားတစ်ခုကို ရောက်ရှိ နေပြီဖြစ်တယ်လို့ ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက သတိပေးလာတာဖြစ်ပါတယ်။တုပ်ကွေးရောဂါဟာ ကာလကြာရှည်စွာတည်ရှိနေတဲ့ ကပ်ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင် တဲ့ ရောဂါတစ်မျိုးဖြစ်သလို အဓိအားဖြင့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။

တုပ်ကွေးကြောင့် အသက် ၆၀ ကျော်အရွယ်တွေ သေဆုံးမှုမြင့်မားသလို ရောဂါအခံရှိသူတွေလည်း သေဆုံးနိုင်ချေ များပါတယ်။ ၂၀၂၄ ခုနှစ် အတွင်းက တုပ်ကွေးကူးစက်ခံရသူပေါင်း ၆၆၈၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ဖြစ်ပွားသူ ၁ ဒသမ ၃၉ ဆ ပိုများလာတာကို တွေ့ရပါတယ်။