ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်အတွင်းက ကိုဗစ်ရောဂါကူးစက်မှု ၆၅၈၈၀ ခုနဲ့ သေဆုံးမှု ၃ ခု မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပွားမှု အမြင့်ဆုံးကာလနဲ့နှိုင်းယှဉ်ရင် သိသိသာသာ ကျဆင်းလာတယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသစ်ဖြစ်ပွားတဲ့ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှုတွေကို မေလ ၂၅ ရက်ကနေ ၃၁ ရက်အထိ မှတ်တင်တင်ခဲ့တာ ဖြစ်ပြီး အသက် ၃၀ ကနေ ၃၉ နှစ်အကြား ရှိသူတွေမှာ ကူးစက်မှုအသစ် အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအနေနဲ့ အခြေအနေကိုထိန်းချုပ်ပြင်ဆင်ထားဖို့ ညွှန်ကြားထားပြီး ကူးစက်ရောဂါ ဌာနရဲ့အစီရင်ခံစာအရ ကိုဗစ်ရောဂါကူးစက်မှုဟာ အခုအခါ နည်းလာပြီဖြစ်ကာ အမြင့်ဆုံး အဆင့်ကိုလည်း ကျော်လွန်ခဲ့ပြီဖြစ်တယ်လို့ ဝန်ကြီးက ပြောကြားထားပါတယ်။ပြည်သူတွေအနေနဲ့ လူထူထပ်တဲ့နေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ကြဖို့၊ ခုခံကာကွယ်နိုင်စွမ်းနည်းပါးတဲ့ သူတွေဆီကို မရည်ရွယ်ဘဲ တစ်ဆင့်မကူးစက်မိစေဖို့၊ ကိုယ်တိုင်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့၊ လက်ကို မကြာခဏဆေးကြောဖို့၊ ကျက်အောင်ချက်ထားတဲ့အစားအစာတွေကိုသာ စားသုံးကြဖို့ အကြံပေးထားပါတယ်။

ဒါ့အပြင် မျက်နှာ၊ မျက်လုံး၊ နှာခေါင်းနဲ့ပါးစပ်တွေကို ထိတွေ့ကိုင်တွယ်တာကနေ ရှောင်ကြဉ်ဖို့ အကြံပြုထားပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအနေနဲ့လည်း ဆေးဝါးနဲ့ဆေးဘက်ဆိုင်ရာထောက်ပံ့ပစ္စည်းတွေ လုံလောက်အောင် ပြင်ဆင်ထားဖို့ ညွှန်ကြားထားတယ်လို့ VnExpress သတင်းမှာ ဖော်ပြထားပါတယ်။