၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မေလ ၁၄ ရက်အတွင်း ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၇၁၀၆၇ ဦးနဲ့ သေဆုံးသူ ၁၉ ဦးအထိရှိလာကြောင်း ထိုင်းအစိုးရကထုတ်ပြန်လာတာကို The Nation Thailand သတင်းမှာရေးသားထားပါတယ်။

ရောဂါဖြစ်ပွားမှုအရေအတွက်က ဆက်လက်မြင့်တက်နေပြီး ဆုန်ခရမ်ပွဲတော် ကျင်းပစဉ်အတွင်း COVID-19 ကူးစက်ခံရသူ အရေအတွက်က တဖြည်းဖြည်း တိုးလာတာဖြစ်တယ်လို ထိုင်းနိုင်ငံ အခြေစိုက် COVID-19 စင်တာရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဆေးသိပ္ပံဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံမှာ အခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း Omicron XEC မျိုးကွဲတွေ တိုးပွားလာနေတာကို တွေ့ရပါတယ်။

သုတေသီတွေရဲ့ ထုတ်ပြန်ချက်အရ XEC က အခြားသော Omicron မျိုးကွဲတွေထက် ပိုမိုမြန်ဆန်စွာ ပျံ့နှံနိုင်ပြီး ကူးစက်နှုန်းလည်း လျင်မြန်တယ်လို သိရပါတယ်။ ဒါ့ကြောင့် အာဏာပိုင်တွေက ပြည်သူတွေ သတိရှိကြဖို၊ ရောဂါလက္ခဏာတွေကို အမြဲတစေ စောင့်ကြည့်နေပြီး လက်ကို မကြာခဏ ဆေးကြောကာ လူစုလူဝေးနေရာတွေမှာ နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို တိုက်တွန်းထားပါတယ်။