ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် လူ ၆ ယောက် သေဆုံးခဲ့တဲ့အတွက် ကူးစက်မှု မြင့်တက်လာမှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံသားတွေကို သတိပေးထားကြောင်း Bangkok Post သတင်းမှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနရဲ့အစီရင်ခံစာအရ မေလ ၄ ရက်နဲ့ ၁၀ ရက်အတွင်း ကိုဗစ်ကူးစက်သူအရေအတွက် ၁၆၆၀၇ ယောက်အထိရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်နဲ့နှိုင်းယှဉ်ရင် ကူးစက် သူအရေအတွက်က သိသိသာသာ တိုးလာခဲ့ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားတာပါ။ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ဖော်ပြထားတဲ့ အချက်အလက်တွေအရ အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရဲ့ နောက်ဆုံးပေါ်မျိုးကွဲတွေဟာ ပိုမိုမြန်ဆန်စွာ ကူးစက်နိုင်ပေမဲ့ ရောဂါလက္ခဏာကတော့ ပျော့တယ်လို့ သိရပါ တယ်။

ဒါကြောင့် အခြားအသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေလိုပဲ ကုသနိုင်ပါတယ်။ဒါပေမဲ့ ခုခံအားစနစ်ရဲ့အလိုအလျောက်တုံ့ပြန်မှုကြောင့် ဒီကိုဗစ်-၁၉ မျိုးကွဲအသစ်ကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ မရပါဘူး။ ကာကွယ်ဆေးတွေဟာ အရင် ကိုဗစ်မျိုးရိုးဗီဇအဟောင်းတွေကိုပဲ ကာကွယ်ပေးနိုင်တာ ဖြစ်လို့ လက်ရှိ ကိုဗစ်မျိုးကွဲအသစ်တွေအတွက် မထိရောက်တော့ပါဘူး။ ဒီအချက်ကြောင့် ဆေးရုံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူမှုတွေကို လျှော့ချလာကြတာဖြစ်တယ်လို့ ထိုင်းနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ထားပါတယ်။