ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေလ ၂၇ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့မေလ ၁၈ ရက်ကနေ ၂၅ ရက် အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၆ ယောက် ထပ်မံတွေ့ရှိရတယ်လို့ သိရပါတယ်။တစ်ပတ်အတွင်း ဓာတ်ခွဲနမူနာ၂၇၅၄ ခုကို စစ်ဆေးခဲ့တာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းက ၀ ဒသမ ၂၂ ရာခိုင်နှုန်းနဲ့ သေဆုံးသူတော့ မရှိဘူးလို့ ဆိုပါတယ်။
အခုတွေ့ရှိတဲ့ ကိုဗစ်လူနာသစ်၆ယောက်စလုံး ရန်ကုန်တိုင်းဒေသကြီးကပဲဖြစ်ပြီး ဒဂုံမြို့နယ်က ၂ယောက်၊ အင်းစိန်မြို့နယ်က ၁ယောက်၊ သာကေတမြို့နယ်က ၁ယောက်၊ ကော့မှူးမြို့နယ်က ၁ယောက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်က ၁ယောက်ဖြစ်တယ်လို့ သိရပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာသလို မြန်မာနိုင်ငံမှာလည်း အခုမေလကစလို့ ကိုဗစ်အတည်ပြုလူနာတွေ ပြန်လည်တွေ့ရှိလာတာပါ။ဒေသတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာပေမဲ့ အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲတွေဟာ XB Bနဲ့ JN.1တို့က မျိုးဗီဇပြောင်းလာတဲ့ ရောဂါပိုးတွေဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနဲ့ ပိုမိုသေဆုံးမှုမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက မေလ ၂၃ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားထားပါတယ်။လက်ရှိထိုးနှံပေးနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေ ထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနဲ့ သေဆုံးနိုင် ခြေကို ထိရောက်စွာ လျှော့ချနိုင်တယ်လို့လည်း ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။