ကိုဗစ်-၁၉ ဟာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့မှာ စိုးရိမ်စရာအဖြစ် တိတ်တဆိတ် ပြန်လည်ထွက်ပေါ်လာပြီး ကူးစက်မှု သိသိသာသာ မြင့်တက်လာတယ်လို့ The Nation Thailand သတင်းမှာ ရေးသားပါရှိပါတယ်။

စင်ကာပူမှာ မေလအတွင်းမှာ Covid-19 ရောဂါ ဖြစ်ပွားမှု ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ကူးစက်ခံရသူဦးရေ ၁၄၂၀၀ အထိ ရောက်ရှိခဲ့တယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ထိုင်းမှာလည်း အခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မေလ ၁၄ ရက်အတွင်း COVID-19 ကူးစက်ခံရသူ ၇၁၀၆၇ ယောက်နဲ့ သေဆုံးသူ ၁၉ ယောက်အထိ ရှိလာတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

ရောဂါဖြစ်ပွားမှုအရေအတွက်က ဆက်လက်မြင့်တက်နေပြီး ဆုန်ခရမ်ပွဲတော် ကျင်းပချိန်ကတည်းက COVID-19 ကူးစက်ခံရသူ အရေအတွက် တဖြည်းဖြည်း တိုးလာတာဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် COVID-19 စင်တာရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအာဏာပိုင်တွေက ပြည်သူတွေ သတိရှိကြဖို့၊ ရောဂါ လက္ခဏာတွေကို အမြဲတစေ စောင့်ကြည့်နေပြီး လက်ကို မကြာခဏ ဆေးကြောကာ လူစုလူဝေးနေရာတွေမှာ နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။