ကိုဗစ်လူနာသစ်တွေ့ရှိမှုမှာ ရန်ကုန်တိုင်းဒေသကြီးက အများဆုံး ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ဇွန်လ ၁ ရက်ကနေ ၈ ရက်အထိ တစ်ပတ်အတွင်း ဓာတ်ခွဲနမူနာ (၂၁၅၄) ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြု လူနာသစ် ၃၁ ယောက်ထိ တွေ့ရှိခဲ့တာပါ။

တွေ့ရှိခဲ့တဲ့ ကိုဗစ်လူနာသစ်တွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးက (၁၅)ယောက်နဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ် တာချီလိတ်က (၁၃)ယောက်၊ ကရင်ပြည်နယ်၊ ဘားအံက တစ်ယောက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှက တစ်ယောက်နဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုက တစ်ယောက် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ တွေ့ရှိတဲ့ ကိုဗစ်အတည်ပြုလူနာကတော့ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ ထိုးနှံ ထားတာ မရှိသူဖြစ်တယ်လို့ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတာ ရှိပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်ကနေ ဇွန်လ ၁ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် ၁၇ ယောက် တွေ့ရှိခဲ့ရာမှာလည်း အားလုံးက ရန်ကုန်တိုင်းဒေသကြီးက ဖြစ်တယ်လို့ သိရပါတယ်။အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာသလို မြန်မာနိုင်ငံမှာလည်း မေလဆန်း ကစလို့ ကိုဗစ် အတည်ပြုလူနာတွေ ပြန်လည်တွေ့ရှိလာတာပါ။လက်ရှိမှာတော့ ကိုဗစ် ၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတာ မရှိတော့ဘဲ ရာသီတုပ်ကွေး ရောဂါလို ဒေသတွင်း ပုံမှန်ကူးစက်ဖြစ်ပွားတတ်တဲ့ ရောဂါအဖြစ် သတ်မှတ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနက သတိပေး နှိုးဆော်ထားပါတယ်။