ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဇွန်လ ၂ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ မေလ ၂၅ ရက်ကနေ ဇွန်လ ၁ ရက် အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် ၁၇ ယောက် ထပ်မံတွေ့ရှိရတယ်လို့ သိရပါတယ်။တစ်ပတ်အတွင်း ဓာတ်ခွဲနမူနာ ၁၇၇၈ ခုကို စစ်ဆေးခဲ့တာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းက ၀ ဒသမ ၉၆ ရာခိုင်နှုန်းနဲ့ သေဆုံးသူတော့ မရှိဘူးလို့ ဆိုပါတယ်။

ကိုဗစ်လူနာသစ် (၁၇) ယောက်စလုံးက ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပြီး လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ အလုံ၊ ရွှေ ပြည်သာ၊ ဗိုလ်တထောင်၊ ဆိပ်ကြီးခနောင်တို၊ ပုဇွန်တောင်၊ ပန်းဘဲတန်း၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ နဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွေမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ တစ်ပတ်က ကိုဗစ်လူနာသစ် ၆ ယောက်တွေ့ရှိခဲ့ပြီး အခုတစ်ပတ်မှာတော့ ၁၇ ယောက်တွေ့ရှိခဲ့တဲ့ အတွက် ကိုဗစ်လူနာသစ်တွေ့ရှိမှုက ၁၁ ယောက်လောက် မြင့်တက်သွားတာကို တွေ့ရပါတယ်။အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာသလို မြန်မာနိုင်ငံမှာလည်း မေလကစလို့ ကိုဗစ် အတည်ပြုလူနာတွေ ပြန်လည်တွေ့ရှိလာတာပါ။

ဒေသတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာပေမဲ့ အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲတွေဟာ XBB နဲ့ JN.1တို့က မျိုးဗီဇပြောင်းလာတဲ့ ရောဂါပိုးတွေ ဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနဲ့ ပိုမိုသေဆုံးမှု မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက မေလ ၂၃ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားထားပါတယ်။လက်ရှိထိုးနှံပေးနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေ ထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနဲ့ သေဆုံးနိုင် ခြေကို ထိရောက်စွာ လျှော့ချနိုင်တယ်လို့လည်း ဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်။