HMPV ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှု တာကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာအနေနဲ့ နိုင်ငံတကာနဲ့ဒေသတွင်း ရောဂါဖြစ်ပွားမှု အခြေအနေ သတင်းအချက်အလက်တွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေနဲ့ အကြံပြုချက်တွေကို စဉ်ဆက်မပြတ်ရယူပြီး ရောဂါစောင့်ကြပ် ကြည့်ရှုတဲ့လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေတဲ့ အတွက် ပြည်သူလူထုအနေနဲ့ အထူးစိုးရိမ်ထိတ်လန့်မှုဖို့ မလိုဘူးလို့ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။အခုလို ဆောင်းရာသီကာလမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ အဖြစ်များလေ့ရှိပြီး အိမ်နီးချင်းနိုင်ငံတချို့မှာလည်း HMPV ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသန အချက်အလက်တွေအရ ပြင်ပလူနာကုဌာန တွေကို လာရောက်ပြသကုသမှု ခံယူခဲ့တဲ့သူတွေထဲမှာ (HMPV)ဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားခဲ့မှုတွေ တွေ့ရှိခဲ့ရပြီး အဲဒီရောဂါပိုးအတွက် ကိုယ်ခန္ဓာခုခံအားစနစ်ရှိနေပြီးဖြစ်တယ်လို့ သုံးသပ်ယူဆရနိုင်ကြောင်းလည်း ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ပါတယ်။