မြန်မာနိုင်ငံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပိုး (HMPV)ဟာ ရာသီဥတုအလိုက် ကူးစက် ဖြစ်ပွားမှု ရှိနေခဲ့တဲ့အတွက် စိုးရိမ်စရာမလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်။ ဇန်နဝါရီ ၇ ရက်က ပြုလုပ်တဲ့ ဆောင်းရာသီမှာ ဖြစ်ပွားလေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ များ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲတာပါ။

နိုင်ငံတကာနဲ့ဒေသတွင်း ရောဂါဖြစ်ပွားမှုအခြေအနေ သတင်းအချက်အလက်တွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေနဲ့ အကြံပြုချက်တွေကို စဉ်ဆက်မပြတ်ရယူကာ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ အထူးစိုးရိမ်ထိတ်လန့်စရာ မလိုဘူးလို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။အခုဆောင်းရာသီကာလမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ အဖြစ်များလေ့ရှိပြီး လတ်တလော အိမ်နီးချင်းနိုင်ငံအချို့မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်ပွားမှု မြင့်တက်နေတာ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသန အချက်အလက်တွေ အရ ပြင်ပလူနာကုဌာနတွေမှာ လာရောက်ပြသကုသမှု ခံယူခဲ့တဲ့သူတွေထဲမှာ (HMPV)ရောဂါကူစက် ဖြစ်ပွားခဲ့မှု တွေ့ရှိခဲ့ရပြီး အဲဒီရောဂါပိုးနဲ့ ပတ်သက်လို့ ပြည်သူတွေအနေနဲ့ ကိုယ်ခန္ဓာခုခံအားစနစ် ရှိနေပြီး ဖြစ်တယ်လို့ သုံးသပ်ယူဆရနိုင်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။