မန္တလေးငလျင်ကြီးဒဏ်ကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရုံးချုပ်)နေပြည်တော်ရဲ့ ဓာတ်ခွဲခန်းနဲ့ ရုံးအဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့တာကြောင့် ပြန်လည်ပြပြင်နေတဲ့အချိန်ကာလအတွင်း မူလလုပ်ငန်းတွေ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ဖို့အတွက် အချို့ဝန်ဆောင်မှုတွေကို ရန်ကုန်ရုံးခွဲမှာ ယာယီပြောင်းရွှေ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ပြည်သူတွေ လုံခြုံစိတ်ချရတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ သုံးစွဲနိုင်ဖို့အတွက် စစ်ဆေးဆောင်ရွက်ပေးနေတာဖြစ်ပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပွားနေတဲ့ အချိန်မှာလည်း လုပ်ငန်းတွေရပ်တန့်တာမျိုး မရှိဘဲ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။အစားအသောက်နဲ့ ဆေးဝါးတွေ စစ်ဆေးရာမှာ သတ်မှတ်ထားတဲ့ စံလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အခုထက် ပိုမို မြန်ဆန်စေဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လုပ်ငန်းတွေ မှတ်ပုံတင်ရေးဆောင်ရွက်ရာမှာလည်း မြန်ဆန်စေဖို့ အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်တဲ့ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပြီး လုပ်ငန်းရှင်တွေ ကျယ်ပြန့်စွာ သိရှိ နားလည်စေဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နေပြည်တော်မှာ ဓာတ်ခွဲခန်းလုပ်ငန်း တွေ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ဖို့အတွက် အမြန်ဆုံး ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။