မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနအနေနဲ့ မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့(Medium Uraban Search and Rescue Team) အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းသွားမယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သိရပါတယ်။

အဖွဲ့မှာ အထူးလေ့ကျင့်ထားတဲ့ တပ်ဖွဲ့ဝင်(၄၂)ယောက် ပါဝင်မှာဖြစ်ပြီး အဖွဲ့ဝင်တွေဟာ ဘေးအန္တရာယ် ကျရောက်တဲ့ နေရာတွေမှာ ပိတ်မိ၊ ပိမိ၊ ပျောက်ဆုံးနေသူတွေကို ရှာဖွေရေး ခွေးတွေနဲ့ ရှာဖွေတာ၊ နည်းပညာ အသုံးပြု ရှာဖွေတာတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။အဲဒီလိုဆောင်ရွက်တဲ့အခါ လုပ်ငန်းနေရာတစ်ခုမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြာချိန် ၂၄ နာရီအထိ (၇)ရက်တိုင်တိုင် ဆောင်ရွက်ရမှာဖြစ်ပြီး အဖွဲ့မှာပါဝင်တဲ့ ဆေးအဖွဲ့အနေနဲ့လည်း မိမိအဖွဲ့ကို လိုအပ်တဲ့ဆေးဝါး စောင့်ရှောက်မှု ပေးနိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Medium Team အနေနဲ့ နိုင်ငံတော်အတွင်း မြေပြင်၊ ရေပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံကိုယ်စားပြု ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ကိုင်နိုင်ဖို့အတွက် ဖွဲ့စည်းရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါ တယ်။ Medium USAR Team ကို ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)နဲ့ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်မှာ ဖွဲ့စည်းသွားမှာဖြစ်ပြီး ကျန်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက မြို့ကြီးတွေမှာလည်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။