ကမ္ဘာလုံးဆိုင်ရာ မီးသတ်စွမ်းရည်ပြိုင်ပွဲ (Singapore Global Firefighters & Paramedics Challenge)မှာ ပါဝင် ယှဉ်ပြိုင်ဖို့အတွက် မီးသတ်တပ်ဖွဲ့ဝင် ၁၁ ယောက်ကို အပြီးသတ် ရွေးချယ်ထားပြီး စခန်းသွင်းလေ့ကျင့်နေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က သိရပါတယ်။အဲဒီပြိုင်ပွဲကို လာမယ့် နိုဝင်ဘာလအတွင်း စင်ကာပူနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူရွေးချယ်ရာမှာ မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်၊ ဗဟိုမီးသတ်သင်တန်းကျောင်းနဲ့ နေပြည်တော်အပါအဝင် သက် ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီသီးကနေ စိစစ်ရွေးချယ်ပေးလိုက်တဲ့ မီးသတ်တပ်ဖွဲ့ဝင် (၄၇) ယောက်ကို စံချိန်အလိုက် တစ်ဆင့်ချင်း ရွေးချယ်ခဲ့တာဖြစ်ပြီး အပြီးသတ်အနေနဲ့ ၁၁ယောက်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ပြိုင်ပွဲမှာ ဆုရရှိဖို့အတွက် ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းနဲ့အညီ လေ့ကျင့်နေပြီး ပြိုင်ပွဲဝင်တွေရဲ့ ကျန်းမာရေး၊ ကိုယ်ကာယ ကြံ့ခိုင်ရေးအတွက် လေ့ကျင့်မှုတွေကို စနစ်တကျ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ်က လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးထွန်းက ပြောပါတယ်။ ပြိုင်ပွဲမှာ Brave Heart (Individual) တစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲ နဲ့ RTA လို့ ခေါ်တဲ့ Road Traffic Accident ယာဉ်မတော်တဆမှုဖြစ်စဉ်ကယ်ဆယ်ရေး (၄) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း စင်ကာပူနိုင်ငံ၊ မြို့ပြကာကွယ်ရေးတပ်ဖွဲ့က ကျင်းပခဲ့တဲ့ Singapore Global Firefighters & Paramedics Challenge ပြိုင်ပွဲမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသက်ကယ်စွမ်းရည်ပြိုင်ပွဲမှာ ပထမဆုနဲ့ မီးသတ်သမားတစ်ဦးချင်းစွမ်းရည် Brave Heart (Individual) ပြိုင်ပွဲမှာ နိုင်ငံတကာအဆင့် တတိယ ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။အလားတူ ၂၀၂၄ ခုနှစ်က မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ် မတော်တဆမှု ကယ်ဆယ်ရေးပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Best Team Leader ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။