မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က Sky Villa အဆောက်အဦကို ရှင်းလင်းတာတွေ ဆောင်ရွက်နေရာ ဒီကနေ့ ဇွန် ၁၃ ရက်မှာ ရုပ်အလောင်း ၃ လောင်း ရှာဖွေ့တွေ့ရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဟာ စက်ယန္တရားတွေနဲ့အတူ ကျန်ရှိ ရုပ်အလောင်းတွေကို ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပြီး ဇွန် ၁၃ ရက်၊ မနက်ပိုင်းမှာ B အဆောင်၊ အခန်းအမှတ် (H-3)ကနေ အမျိုးသား တစ်ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပါတယ်။ အလားတူ မနက်ပိုင်းမှာပဲ B အဆောင်၊ အခန်းအမှတ် (H-2) ကနေ အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းနဲ့ အခန်းအမှတ် (H-4)ကနေ အမျိုးသမီး တစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို ထပ်မံ ထုတ်ယူနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီနေ့မှာပဲ Sky Villa အဆောက်အဦ (B)အဆောင်၊ အခန်းအမှတ် (W-5)ကနေ ရှာဖွေတွေ့ရှိတဲ့ ကျောက် ပါလက်စွပ်၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုး၊ ရွှေဆွဲသီး၊ ရွှေဟန်းချိန်း၊ ကျောက်စိမ်းနားကပ်၊ ကျောက်စိမ်း လက် ကောက်၊ ကျောက်စီလက်ကောက်တွေနဲ့ ကျောက်စိမ်း (၁) လုံး၊ ပုလဲ(၄)လုံး၊ ရွှေ(၁)ကျပ်သား တုံး(၂)တုံး၊ ကျောက်စိမ်းအဆောင် ပန်းပုရုပ်တွေနဲ့ ကျောက်အဆောင် ပုတီးတွေကို ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေ တစ်ဆင့် ပိုင်ရှင်ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။