မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က Sky Villa အဆောက်အဦကို ရှင်းလင်းတာတွေ ဆောင်ရွက်နေရာ ဇွန် ၁၂ ရက်မှာ ရုပ်အလောင်း(၅)လောင်း ရှာဖွေ့တွေ့ရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က စက်ယန္တရားတွေနဲ့အတူ ကျန်ရှိ ရုပ်အလောင်းတွေကို ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ (B)အဆောင် အခန်းအမှတ် (H-4)ကနေ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တာပါ။လက်ရှိအချိန်ထိ မန္တလေးငလျင်ကြီးကြောင့် Sky Villa ကွန်ဒို ပြိုကျပျက်စီးမှုမှာ အသက်ရှင်သူ ၅၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၁၀၀ ကျော် ရှာဖွေထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေနဲ့ Sky Villa အဆောက်အဦကို ရှင်းလင်းရေးတွေ ဆောင်ရွက်ရာက ရှာဖွေတွေ့ရှိ တဲ့ ငွေကြေးတွေနဲ့ လက်ဝတ်ရတနာတွေ၊ စာရွက်စာတမ်းတွေကိုလည်း ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့က တစ်ဆင့် ပိုင်ရှင်ဖြစ်သူတွေထံ ပေးအပ်နေတယ်လို့ ရှိပါတယ်။