ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဆိပ်ကမ်းမှာ ဇူလိုင်၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ စက်တပ်သမ္ဗန်တစ်စင်း နစ်မြုပ်မှုက ပျောက်ဆုံးနေသူ ၃ ယောက်ကို ဇူလိုင် ၂၅ ရက် မနက်ပိုင်းအထိ ဆက်လက် ရှာဖွေနေဆဲဖြစ်တယ်လို့ ဒလမြို့နယ် စက်တပ်သမ္ဗန်ရေယာဉ်အသင်းဥက္ကဋ္ဌ ဦးကျော်ငြိမ်းက One News ကို ပြောပါတယ်။

နစ်မြုပ်ခဲ့တဲ့ စက်တပ်သမ္ဗန်ပေါ်မှာ ရေယာဉ်မောင်းနဲ့ ခရီးသည် ၁၀ ယောက် လိုက်ပါလာတာဖြစ်ပြီး အခင်းဖြစ် ချိန်မှာ ၈ ယောက်ကို ကောင်းမွန်စွာ ကယ်တင်နိုင်ခဲ့ပေမဲ့ ရေယာဉ်မောင်း ဦးဌေးလွင်နဲ့ ခရီးသည်နှစ်ယောက် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ပျောက်ဆုံးနေသူတွေကို သမ္မတကမ်းခြေနဲ့ ကမာအောင်ဆိပ်ကမ်းက စက်တပ်သမ္ဗန်နဲ့ရေယာဉ်တွေပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဦးကျော်ငြိမ်းက ပြောပါတယ်။ ပျောက်ဆုံးသူတွေရဲ့ မိသားစုဝင်တွေက ဒလမြို့နယ်စက်တပ်သမ္ဗန်ရေယာဉ်အသင်းဥက္ကဋ္ဌဆီ ဆက်သွယ်မေး မြန်းတာတွေနဲ့ လာရာက်စုံစမ်းတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

နစ်မြုပ်ခဲ့တဲ့ စက်တပ်သမ္ဗန်ရေယာဉ်ဟာ ဇူလိုင် ၂၄ ရက် မနက် ၇ နာရီခွဲဝန်းကျင်က ဒလဘက်ခြမ်း၊ သမ္မတ ကမ်းခြေဘက်ကနေ ခရီးသည် ၁၀ ယောက်ကို တင်ဆောင်လာပြီး ဗိုလ်တထောင်ဆိပ်ကမ်းရောက်ခါနီးမှာ ရုတ်တရက် လေဆင်နှာ မောင်းတိုက်ခတ်တာကြောင့် တိမ်းမှောက်နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ဒလမြို့နယ်မှာ အသုံးပြုနေတဲ့ စက်တပ်သမ္ဗန်ရေယာဉ်ဆိပ် ၁၀ ခုရှိပြီး စက်တပ်သမ္ဗန်အစီးရေ ၆၀၀ လောက်နဲ့ ခရီးသည်တွေကို နေ့စဉ်ပို့ဆောင်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။