ကမ္ဘာတစ်ဝန်းက သုတေသီတွေစုပေါင်း ဖန်တီးထားတဲ့ AI မော်ဒယ်တစ်ခုက လူတွေရဲ့ ဘဝဖြစ်ရပ်တွေကို ကြိုတင်ခန့်မှန်းနိုင်တဲ့အပြင် သေဆုံးမယ့် အချိန်ကိုလည်း ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ Life2vec လို့ခေါ်တဲ့ အဲဒီ AI မော်ဒယ်ကို ဒိန်းမတ်နဲ့အမေရိကန်နိုင်ငံက သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့တာပါ။

ဒီလို ခန့်မှန်းပေး နိုင်ဖို့အတွက် Ai မော်ဒယ်ကို လပေါင်းများစွာ၊ ဒေတာအချက်အလက်များစွာနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ထားရ တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ဒိန်းမတ်နိုင်ငံက ကျန်းမာရေးနဲ့ လူဦးရေဆိုင်ရာ မှတ်တမ်းတွေထဲက လူပေါင်းခြောက်သန်းရဲ့ ဒေတာတွေကို ထည့်သွင်းပေးထားပြီး အဲဒီဒေတာတွေထဲမှာ မွေးဖွားချိန်၊ ကျောင်းနေချိန်၊ ပညာရေး၊ ဝင်ငွေ၊ နေအိမ်နဲ့ ကျန်းမာရေး အချက်အလက်တွေ ပါဝင်ပါတယ်။ ဒီဒေတာတွေကို အသုံးပြုပြီး AI မော်ဒယ်ကို နောက်တစ်ဆင့် ဘာဖြစ်လာမလဲဆိုတာ ခန့်မှန်းနိုင်ဖို့ လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။

Life2vec ရဲ့ အထူးခြားဆုံး စွမ်းရည်ကတော့ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး လူတွေ ဘယ်အချိန်မှာ သေဆုံးမယ်ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်တာ ဖြစ်ပါ တယ်။ စမ်းသပ်မှုအနေနဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း အသက် ၃၅ နှစ်ကနေ ၆၅ နှစ်ကြား လူတစ်စု ကို စမ်းသပ်ကြည့်တဲ့အခါ ဘယ်သူသေဆုံးမယ်၊ ဘယ်သူကျန်ရစ်မယ်ဆိုတာကို ၇၈ ရာခိုင်နှုန်းလောက် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။