အနောက်တိုင်းဆေးရောနှောပြီး စံမညီတိုင်းရင်းဆေးဝါးတွေဖြစ်တဲ့ ဘီလူးငါးကောင်အမှတ်တံဆိပ်နဲ့ ဆားဒူးကြီးအမှတ်တံဆိပ်အမျိုးသားအကြောသန်အားတိုးဆေးမှုန့်တွေကို သုံးစွဲဖို့မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၃ ရက်ကထုတ်ပြန်ပါတယ်၊၊
ကျန်းမာရေးဝန်ကြီးဌာနဟာ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းကာအကျိုးအာနိသင်ရှိတဲ့တိုင်းရင်းဆေးဝါးတွေကို ပြည်သူတွေသုံးစွဲနိုင်ဖို့ စနစ်တကျစစ်ဆေးဆောင်ရွက်နေတယ်လို့ဆိုပါတယ်၊၊
အဲဒီလိုစစ်ဆေးရာမှာ စျေးကွက်အတွင်းတွေ့ရှိရတဲ့ ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအကြောသန်အားတိုးဆေးမှုန့်နဲ့ ဆားဒူးကြီးအမှတ်တံဆိပ်အမျိုးသားအကြောသန် အားတိုးဆေးမှုန့်တွေဟာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နဲ့ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ရရှိထားပြီး စျေးကွက်မှာရောင်းချချိန်မှာတော့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ချိန်ကဖော်ပြထားတဲ့ ဆေးဖုံ၊ ဖော်စပ်နည်းနဲ့အညီမဟုတ်ဘဲ ဖော်စပ်ထားတာကိုတွေ့ရှိရတယ်လို့ ဆိုပါတယ်၊၊
ဒါ့အပြင် သတ်မှတ်ချက်(၁၀)ချက်ပြည့်စုံမှန်ကန်မှုမရှိတာ၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးပါဝင်နေတာကိုစစ်ဆေးတွေ့ရှိတဲ့အတွက် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေး နိုင်တာကြောင့် ပြည်သူတွေသုံးစွဲဖို့ မသင့်ကြောင်းထုတ်ပြန်တာဖြစ်တယ်လို့သိရပါတယ်၊၊
တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးတဲ့လုပ်ငန်းတွေနဲ့ ဆေးဝါးရောင်းချတဲ့ဆေးဆိုင်တွေမှာ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံတင်ထားတာမရှိတဲ့ တိုင်းရင်းဆေးဝါးတွေ၊ ဆေးဝါးအတုတွေ၊ စံမညီတိုင်းရင်းဆေးဝါးတွေနဲ့ ပြည်သူတွေသုံးစွဲဖို့မသင့်ကြောင်းထုတ်ပြန်ထားတဲ့ တိုင်းရင်းဆေးဝါးတွေတင်သွင်းဖြန့်ဖြူးရောင်းချတာတွေကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ဖို့နဲ့ လိုက်နာဆောင်ရွက်တာမရှိရင် တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ(၃၁)၊ (၃၂)အရ အရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်၊၊