ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းတွေပါဝင်တယ်လို့ဆိုတဲ့ အလှကုန်ပစ္စည်း ၄ မျိုးကို ပြည်သူတွေသုံးစွဲဖို့ မသင့်တော်ဘူးလို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အောက်တို ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
အခုတားမြစ်လိုက်တဲ့ အလှကုန်ပစ္စည်းတွေဟာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတာလည်းမရှိဘူးလို့သိရပါတယ်။ အဲဒီအလှကုန်တွေကတော့ တရုတ်နိုင်ငံကထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေဖြစ်ပြီး သုံးစွဲဖို့ မသင့်တော်တဲ့ Mercury နဲ့ Rhodamine B စတဲ့ ဓာတုပစ္စည်းတွေပါဝင်နေတယ်လို့ဆိုပါတယ်။
အဲဒီတားမြစ်ဓာတုပစ္စည်းတွေဟာ အရေပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေဖြစ်တာ၊ အရေပြားကတစ်ဆင့် ခန္ဓာကိုယ်အတွင်းကိုစုပ်ယူပြီးထုံကျင်တာ၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးတာနဲ့တခြားရောဂါတွေပါ ဖြစ်ပွားစေနိုင်တယ်လို့သိရပါတယ်။
ဒါ့အပြင် အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချတဲ့ကုမ္ပဏီနဲ့လက်လီလက်ကားဆိုင်တွေအနေနဲ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတာမရှိတဲ့ ပြည်သူတွေသုံးစွဲဖို့ မသင့်ကြောင်းထုတ်ပြန်ထားတဲ့ အလှကုန်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးရောင်းချတာတွေကို လုံးဝမပြုလုပ်ဖို့နဲ့ လိုက်နာဆောင်ရွက်တာမရှိရင် ဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊