ရေဘေးသင့်ဒေသတွေမှာ တိုက်နယ်ဆေးရုံဆောက်လုပ်လှူဒါန်းဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးအချို့အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သဘောတူခွင့်ပြုချက်ရရှိပြီဖြစ်တယ်လို့ ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်အသျှင်ကုမာရရဲ့ မိန့်ကြားချက်အရသိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ခွင့်ပြုချက်ရရှိပြီးဖြစ်တာကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေကို အမြန်ဆုံးအကောင်အထည်ဖော်လုပ် ဆောင်သွားမှာဖြစ်တယ်လို့မိန့်ပါတယ်။
အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်အသျှင်ကုမာရဦးဆောင်ပြီး ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံက အလှူရှင်တွေရဲ့ ပူးပေါင်းလှူဒါန်းမှုအားနဲ့ တိုက်နယ်ဆေးရုံကိုဆောက်လုပ်လှူဒါန်းမှာပါ။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း ဆရာတော်အသျှင်ကုမာရဦးဆောင်ပြီး အလှူရှင်တွေအပါအဝင် သရုပ်ဆောင်ကျော်ရဲအောင်၊ မျိုးစန္ဒီကျော်၊ ဇာတ်ညွှန်းအောင်ကြီးတို့က ကနဦးအလှူငွေကျပ်သိန်း (၁,၀၀၀) မတည်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
ဆရာတော်အသျှင်ကုမာရဟာ ပြီးခဲ့တဲ့လအတွင်းကလည်း ရေဘေးသင့်ဒေသတွေမှာ စားသောက်ကုန်အပါအဝင် လိုအပ်တာတွေကိုလှူဒါန်းခဲ့ပြီး အခုပြန်လည်တည်ဆောက်ရေးအပိုင်းမှာလည်း ပြည်သူတွေအတွက် ရေရှည်မှာလိုအပ်လာနိုင်တဲ့ တိုက်နယ်ဆေးရုံကို ထပ်မံဆောက်လုပ်လှူဒါန်းဖို့ လုပ်ဆောင်တာဖြစ်တယ်လို့သိရပါတယ်။