(၇၇)ကြိမ်မြောက်ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို မေလ(၈)ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ (Wyndham Grand Yangon Hotel)မှာ ကျင်းပပါတယ်။မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို နှစ်စဉ် စည်ကားစွာ ကျင်းပလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ အင်အားပြင်းငလျင်ကြောင့် အသက်အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပေါ် စိတ်မကောင်း ဖြစ်ခဲ့ရ သလို တစ်ဖက်မှာလည်း တပ်ဖွဲ့ဝင်တွေအနေနဲ့ ငလျင်ဖြစ်ပွားရာဒေသတွေမှာ အချိန်နဲ့တစ်ပြေးညီ ကူညီဆောင် ရွက်နေတဲ့အတွက် အခမ်းအနားကို အကျဉ်းချုပ်သာ ကျင်းပခဲ့တာပါ။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ အခမ်းအနား ကျင်းပရတာကတော့ တစ်နှစ်တာအတွင်း လှုပ်ရှားဆောင်ရွက်မှုတွေကို အများပြည်သူ သိအောင် ဖြန့်ဝေပေးနိုင်ဖို့နဲ့ စေတနာလုပ်အားရှင်နဲ့ အသင်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။အခမ်းအနားမှာ အသက်(၆၅)နှစ်အထိ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတွေကို လည်း ဂုဏ်ပြုချီးမြှင့်သွားမယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်က ပြောပါတယ်။ အခမ်းအနားမှာ ကျန်းမာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်း၊မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နဲ့ ညွှန်ကြားရေးမှူးချုပ်တွေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ် အမှုဆောင်တွေ၊ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။