Myanmar CDC နဲ့ China CDC တို့အကြား နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန်လ ၁၃ ရက်က နေပြည်တော်၊ ဒဏ္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်း ချုပ်ရေးဗဟိုဌာနနဲ့ သင်တန်းကျောင်း (Myanmar CDC)မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ နားလည်မှုစာချွန်လွှာ (MoU)ကို Myanmar CDC ကိုယ်စား ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနဲ့ China CDC ကိုယ်စား တာဝန်ရှိသူတစ်ယောက်တို့က လက်မှတ် ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ခဲ့ကြပါတယ်။
နားလည်မှုစာချွန်လွှာအရ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တီဘီ၊ အိပ်ချ်အိုင်ဗွီ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ အခြားကူးစက်ရောဂါတွေ အပါအဝင် ကူးစက်ရောဂါတွေကို ထိန်းချုပ်ကာကွယ်တာ၊ ဆီးချိုရောဂါနဲ့ သွေးတိုး ရောဂါ စတဲ့ မကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်ကုသတာ၊ ဓာတ်ခွဲခန်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်တာ တွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အဲဒီအပြင် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေကို လေ့လာရေးခရီးသင်တန်းတွေ စေလွှတ်တာ၊ ပူးတွဲသုတေသနပြုလုပ်တာနဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေတွေကို လျင်မြန်စွာတုံ့ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်တာ စတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်း သိရပါတယ်။