လူငယ်တွေအကြား ရေပန်းစားနေတဲ့ E-cigarette၊ Vape အစရှိတဲ့ အီလက်ထရွန်နစ်အငွေ့ရှူစက်တွေကို ဥပဒေအရ ထိန်းချုပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်။မတ်လ(၃)ရက်က ကျန်းမာရေးဝန်ကြီးဌာနမှာ ပြုုလုပ်ခဲ့တဲ့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံး မှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ အဖွဲ့ရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့လေဖြတ် ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းရောဂါ စတဲ့ မကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်ပွားရတာရဲ့အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။ဒါ့အပြင် မကူးစက်နိုင်တဲ့ရောဂါ ဖြစ်ပွားသေဆုံးမှုတွေဟာ ကမ္ဘာ့တစ်ဝန်းမှာ ကပ်ရောဂါအသွင်နဲ့ တိုးတက်များပြား လာကာ ပြည်သူ့တွေရဲ့ ကျန်းမာရေးကို များစွာထိခိုက်စေတဲ့အတွက် အဲဒီအန္တရာယ်တွေကနေ ကာကွယ်နိုင်ဖို့ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေနဲ့ ဒေသထူထောင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်း ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်။

ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်းတွေကို စံသတ်မှတ်ချက်တွေနဲ့အညီ ထုပ်ပိုးတာနဲ့ ကျန်းမာရေးသတိပေး ရုပ်ပုံတွေ၊ စာသားတွေကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်ဟာ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ အာဏာသက်ဝင်ခဲ့ပြီးဖြစ်တာကြောင့် အဲဒီအမိန့်ကို လုပ်ငန်းရှင်တွေက လိုက်နာဆောင်ရွက်နိုင်ရေး သက်ဆိုင် ရာတာဝန်ရှိသူတွေအနေနဲ့ အားဖြည့်ဆောင်ရွက်ကြဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။