အသည်းရောင်အသားဝါ(အေ)ရောဂါဟာ အသည်းရောင်အသားဝါဗိုင်းရပ်စ်(အေ)ရောဂါပိုးကြောင့် ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်တတ်စေသလို ကပ်ရောဂါအသွင်လည်း ဖြစ်ပွားနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။အသည်းရောင်အသားဝါ(အေ)ရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားလေ့ပြီး အထူးသဖြင့် ကလေးငယ်တွေမှာ ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်နိုင်တဲ့နည်းလမ်းတွေကတော့ ရောဂါပိုးရှိသူ ခန္ဓာကိုယ်ကထွက် တဲ့ အညစ်အကြေးတွေပါရှိနေတဲ့ မသန့်ရှင်းတဲ့အစားအသောက်တွေကို စားသောက်မိတာ၊ အသည်းရောင် အသားဝါ(အေ)ရောဂါပိုးရှိသူလူနာနဲ့ အနီးကပ်ထိတွေ့တာ၊ ပြုစုတာတွေကနေ ကူးစက်နိုင်ပါတယ်။ရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ မောပန်းနွမ်းနယ်တာ၊ အစားအသောက်ပျက်တာ၊ ပျို့အန်တာ၊ ဗိုက် အောင့်တာ၊ အသားဝါတာ၊ မျက်လုံးဝါတာ၊ ဆီးအရောင်ရင့်တာ၊ ဝမ်းအရောင်ဖျော့တာနဲ့ အဆစ်အမြစ်တွေနာကျင် ကိုက်ခဲတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို သတိပြုဖို့၊ အစားအစာတွေကို မကိုင်တွယ် မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနဲ့ အိမ်သာအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ စနစ်တကျဆေးကြောတာ၊ အစား အစာတွေကို မချက်ပြုတ်မီ သန့်ရှင်းတဲ့ရေနဲ့ စင်ကြယ်စွာဆေးကြောတာ၊ ဆူပွက်တဲ့အထိကျိုချက်ထားတဲ့ရေ ဒါမှမဟုတ် ရေသန့်စင်ဆေးပြားအသုံးပြုထားတဲ့ သန့်စင်တဲ့ရေ ဒါမှမဟုတ် FDA အသိအမှတ်ပြုရေသန့်ကို သောက်သုံးတာ၊ အစားအစာတွေကို အစိမ်းစားသုံးတာ၊ ယင်နားစာ စားသုံးတာတွေကို ရှောင်ကြဉ်တာ၊ အိမ်သာ နဲ့မိလ္လာကန်တွေ ယိုစိမ့်မှုမရှိစေဖို့ သတိပြုပြီး ယင်လုံအိမ်သာသုံးစွဲတာ စတဲ့နည်းလမ်းတွေကို လိုက်နာဆောင် ရွက်ဖို့လိုတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင်ရောဂါကူးစက်ပြန့်ပွားမှုကနေ ကာကွယ်ဖို့ အစားအသောက်ရောင်းချသူတွေမှာ ရောဂါဖြစ်ပွားရင် အရေပြားနဲ့မျက်သားဝါပြီးနောက် အနည်းဆုံး ၁၀ ရက်ကြာတဲ့အထိ အစားအသောက် ကိုင်တွယ်ရောင်းချတာ ရပ်နားဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖျားတာ၊ အရေပြားနဲ့ မျက်သားဝါတာ စတဲ့ အသည်း ရောင်အသားဝါ(အေ)ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာရင် ကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက်ပြသကြဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။