အလှအပရေးရာ ဆေးကုသမှုတွေကို ဥပဒေနဲ့အညီထိန်းကျောင်းနိုင်ရေး လိုအပ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်၊၊ ဇန်နဝါရီလ ၁၆ ရက်က ကျင်းပပြုလုပ် တဲ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရည်အသွေးပြည့်ဝပြီး လူနာတွေ အတွက် ဘေးကင်းလုံခြုံကာ သင့်တင့်တဲ့စျေးနှုန်းနဲ့ ဝန်ဆောင်မှုပေးနိုင်ရေး စဉ်ဆက်မပြတ် ထိန်းကျောင်း ကြပ်မတ်နေတယ်လို့ ဆိုပါတယ်၊၊

ပုဂ္ဂလိကကဏ္ဍမှာ ဝန်ဆောင်မှုပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေကို သက်တမ်းရှိ သတ်မှတ် လိုင်စင်ရှိစေရေး၊ တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းထားသူတွေ မဖြစ်စေရေးတို့အတွက် မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနဲ့ခံတွင်းဆိုင်ရာ ဆေးကောင်စီနဲ့ မြန်မာနိုင်ငံ သူနာပြုနဲ့ သားဖွားကောင်စီတွေနဲ့ ချိတ်ဆက် စိစစ် နေပြီး လူ့စွမ်းအားအရင်းအမြစ်တွေ မှန်ကန်စွာ အသုံးချနိုင်ရေးအတွက် မူဝါဒတွေ ချမှတ်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်၊၊

ခေတ်ကာလ လိုအပ်ချက်အရ လက်ရှိမှာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ဖြည့်စွက်ပြင်ဆင်တဲ့ ဥပ ဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အလှအပရေးရာ ဆေးခန်းတစ်ခုမှာ ကိုယ်ခန္ဓာ အဆီထုတ်မှုခံယူဖို့ သွားရောက်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်မှသာ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်၊၊