ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေးဒေသအတွင်းက ကျေးရွာအများအပြားမှာ သောက်သုံးရေတွေ လိုအပ်နေတယ် လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

အင်းလေးဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက ရေကြီးမှုဖြစ်ခဲ့တာဖြစ်ပြီး ကျေးရွာအများအပြား ရေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ ရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာအများအပြားမှာ ရေစစ်ကန်ပျက်စီးတာ၊ ရေသန့်စက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် ငွေကြေး တတ်နိုင်တဲ့ အိမ်တွေမှာ တူးထားတဲ့ အဝီစီတွင်း ပိုက်လိုင်းတွေလည်း သံချေးတက်ပြီး ပျက်စီးတာတွေ ရှိခဲ့ကာ တချို့တွင်းတွေက နှုန်းမြေတွေ ပိတ်ဆို့သွားတာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အင်းလေးဒေသမှာ ရေတွေက ပုံမှန်အတိုင်း ပြန်မရောက်သေးဘူးလို့ ပရဟိတလုပ်ငန်းဆောင်ရွက်နေသူ ကိုကျော်မင်းဝင်းက ပြောပါတယ်။
အင်းလေးဒေသက ကျေးရွာတွေမှာ အင်းထဲကရေကို ရေစုပ်စက်နဲ့တင်ယူပြီး ရေသန့်စက်တွေနဲ့ အဆင့်ဆင့် စစ်ကာ သောက်သုံးရေအတွက် သုံးကြတာဖြစ်တယ်လို့ ဆိုပါတယ်။
လယ်သစ်အထက်ကျေးရွာမှာဆိုရင် ကန်ပေါင်ရိုးဆည်ပြီး လုပ်ထားတဲ့ ရေကန်က အခုအချိန်ထိ ရေနစ်မြုပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းလေးဒေသကို ရေသန့်လာရောက်လှူတဲ့ အလှူရှင်တွေလည်း နည်းပါးနေသေးပြီး ကျေးရွာ အများပြားက ဒေသခံတွေဟာ ရေအခက်အခဲဖြစ်နေတဲ့အတွက် ညောင်ရွှေအထိသွားပြီး ရေသန့်ဝယ်ယူရတယ်လို့ ဆိုပါတယ်။
အလှူရှင်တွေအနေနဲ့လည်း ရေသန့်စက်တွေလှူဒါန်းပေးရင် ပိုအဆင်ပြေတယ်လို့ လယ်သစ်အထက် ကျေးရွာ အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းထွန်းက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာ စက်တင်ဘာလအတွင်းက ရေကြီးမှုမှာ ကေလာ၊ငါးဖယ်ချောင်း၊ လင်းကင်းကျေးရွာအုပ်စုအပြင် အင်းလေးမှာရှိတဲ့ ကျေးရွာအုပ်စု(၃၅)စုထဲက ကျေးရွာပေါင်း(၁၇၀)ကျော် ရေနစ်မြုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။