ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ ဇူလိုင် ၂၁ ရက်၊ ည ၆ နာရီကနေ ဇူလိုင် ၂၂ ရက်၊ ည ၆ နာရီ အ ထိ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသတဲ့ လူနာသစ်အယောက် ၆၀ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောလူနာသစ်တွေထဲမှာတော့ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ နှစ်ယောက်ဖြစ်ပြီး ကျန်တဲ့ ၅၈ ယောက်ကတော့ သာမန်ဝမ်းပျက် ဝမ်းလျှောရောဂါ ဆေးရုံတက်ရောက်ကုသသူ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တစ်ရက်တာအတွင်းက ဝမ်းပျက် ဝမ်းလျှောလူနာသစ်တွေ့ရှိမှု ၄၈ ယောက်နဲ့ နှိုင်းယှဉ်ရင် လူနာသစ်တွေ့ရှိမှုက ၁၂ ယောက် မြင့်တက်လာတာ တွေ့ရပါတယ်။

ဇူလိုင် ၂၂ ရက်ကတော့ ရောဂါသက်သာပျောက်ကင်းတဲ့ လူနာ ၆၈ ယောက်ကို ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကူးစက်ဖြစ်ပွားသူဦးရေမှာ သိသိသာသာလျော့ နည်းလာပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှုကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နေနိုင်ပြီ ဖြစ်ကြောင်းနဲ့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။