ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV)ကို စက်တင်ဘာလ(၂၂) ရက်ကစတင်ပြီး အောက်တိုဘာလ(၃)ရက်နေ့အထိ တိုက်ကျွေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။
အဲဒီဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးကို အသက်(၁)နှစ်အထက်ရှိပြည်သူတွေကို တိုက်ကျွေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ကာကွယ်ဆေးတိုက်ကျွေးတဲ့အခါမှာလည်း ဦးတည်အုပ်စုတွေအနေနဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အမြင့်ဆုံးဖြစ်ပွားခဲ့တဲ့ မြို့နယ်(၃၅)မြို့နယ်ရှိ ရောဂါဖြစ်ပွားခဲ့မှုနဲ့ ရောဂါဖြစ်ပွားနိုင်ချေများတဲ့နေရာတွေမှာ တိုက်ကျွေးမယ်လို့သိရပါတယ်။
ကျူးကျော်ရပ်ကွက်တွေ၊ လူနေထူထပ်ပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းတဲ့နေရာတွေ၊ ရွှေ့ပြောင်းလူအုပ်စုတွေနေထိုင်တဲ့နေရာတွေ၊ ဘုန်တော်ကြီးသင်ပညာရေးကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ အခြားဘာသာရေးကျောင်းတွေ၊ ပရဟိတဂေဟာနဲ့ကျောင်းတွေ၊ မိဘမဲ့ဂေဟာနဲ့ကျောင်းတွေမှာ ကာကွယ်ဆေးတစ်ကြိမ်စီ တိုက်ကျွေးသွားမှာဖြစ်ပါတယ်။
အလားတူ အကျဉ်းထောင်/ အချုပ်ထောင်တွေ၊ စိတ်ကျန်းမာရေးဆေးရုံ၊ စက်ရုံ၊ အလုပ်ရုံတွေ၊ စာသင်ကျောင်းတွေ၊ သင်တန်းကျောင်းတွေ၊ ဘော်ဒါဆောင်တွေ၊ ဈေးတွေ၊ လမ်းဘေးမှာ အစားအသောက်ရောင်းချနေတဲ့ဆိုင်တန်းတွေနဲ့ ဝန်ထမ်းအိမ်ရာတွေမှာနေထိုင်တဲ့ပြည်သူတွေကိုလည်း ကာကွယ်ဆေးတစ်ကြိမ်စီ တိုက်ကျွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။