လေထုညစ်ညမ်းမှုကြောင့် လူသားတို့ရဲ့ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင် လေထုညစ်ညမ်းမှုကြောင့် ရာသီဥတုပြောင်းလဲမှုဆိုးဝါးစေပြီး စိုက်ပျိုးသီးနှံထွက်နှုန်းတွေကျဆင်းလာတာ၊ သီးနှံတွေရဲ့ကြီးထွားနှုန်းလျော့နည်းလာတာနဲ့ အာဟာရဖြစ်မှုတန်ဖိုးလျော့ကျစေနိုင်တာတွေဖြစ်ပွားနိုင်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီကပြောပါတယ်။
စက်တင်ဘာ(၆)ရက်မနက်ပိုင်းက နေပြည်တော်ရှိပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှာကျင်းပတဲ့၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်မြောက်အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အခမ်းအနားမှာအခုလိုပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံအနေနဲ့ လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင်ဖို့၊ကျန်းမာရေးနဲ့ ညီညွတ်တဲ့လေထုအရည်အသွေးတွေရှိတဲ့ပတ်ဝန်းကျင်ရရှိစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လေထုအရည်အသွေးစံချိန်စံညွှန်းတွေရေးဆွဲထုတ်ပြန်နိုင်ရေး သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
မှန်လုံအိမ်ဓာတ်ငွေ့နဲ့လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ကာဗွန်ထုတ်လွှတ်မှုနည်းတဲ့အစိမ်းရောင်နည်းပညာတွေပိုမိုကျယ်ပြန့်စွာအသုံးပြုရေး၊ မြို့ပြတည်ဆောက်ရေး၊ ကျန်းမာရေးနဲ့စိုက်ပျိုးရေးကဏ္ဍတွေမှာ နည်းပညာသစ်တွေအသုံးပြုနိုင်ရေး၊ သစ်တောနဲ့ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ရေးတွေမှာ ဌာန၊ အဖွဲ့အစည်းနဲ့ ပြည်သူအားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့လိုတယ်လို့လည်းပြောကြားခဲ့ပါတယ်။