ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် အစားအသောက်ဘေးကင်းနိုင်ရေးနဲ့ပတ်သက်ပြီး အများပြည်သူသိရှိနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။
ရေကြီးရေလျှံမှုကြောင့် သိုလှောင်ထားတဲ့အစားအသောက်တွေဟာ ကွဲအက်/ပျက်စီးနိုင်တာ၊ မိလ္လာ/အညစ်အကြေးတွေနဲ့ ရောစပ်နိုင်တာ၊ ဆီတွေနဲ့အခြားဓာတုပစ္စည်းတွေရောစပ်ပါဝင်နိုင်တာကြောင့် အစားအသောက်တွေကိုစိစစ်နိုင်ဖို့ အခုလို ထုတ်ပြန်လိုက်တာပါ။
ရေကြီးရေလျှံမှုနဲ့ မထိစပ်တဲ့အစားအသောက်တွေ၊ သန့်ရှင်းပြီးအညစ်အကြေးကင်းတဲ့ ရေစိုခံတဲ့ထုပ်ပိုးပစ္စည်းတွေနဲ့ ထုပ်ပိုးထားတဲ့အစားအသောက်တွေနဲ့ စနစ်တကျသန့်စင်ပြီးနောက် မပျက်စီးတဲ့စည်သွပ်ဘူးတွေကိုတော့ ဆက်လက်စားသုံးနိုင်တယ်လို့ ကြေညာချက်အရသိရပါတယ်။
ရေကြီးရေလျှံမှုနဲ့ ထိစပ်ထားတဲ့ ချက်ပြုတ်ပြီးတဲ့ အစားအသောက်တွေနဲ့ မချက်ပြုတ်ရသေးတဲ့ အစားအသောက်/ ကုန်ကြမ်းတွေ၊ အရောင်/အနံ့ မကောင်းမွန်တဲ့သောက်သုံးရေတွေနဲ့ အဖုံးမလုံတဲ့သောက်ရေသန့်ဘူးတွေ၊ အနံ့အသက်/အနေအထား/အရောင်မကောင်းမွန်တဲ့အစားအသောက်တွေ၊ စက္ကူပုံးတွေရေစိုမခံတဲ့ထုပ်ပိုးပစ္စည်းတွေနဲ့ ထုပ်ပိုးထားတဲ့ အစားအသောက်တွေ၊ ပေါက်ပြဲ၊ ဖောင်းပွ၊ သံချေးတက်ပျက်စီးနေတဲ့အစားအသောက်တွေ စတာတွေကို ဆက်လက်မစားသုံးဖို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားတဲ့ အစားအသောက်တွေအနေနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတဲ့အခါ အအေးဓာတ်ကို ထိန်းမထားနိုင်တော့တဲ့အတွက် အခန်းအပူချိန်အတွင်း ၄ နာရီကြာပြီးနောက် အစားအသောက်တွေကိုလည်းစားသုံးဖို့မသင့်ဘူးလို့ ကြေညာချက်မှာပါရှိပါတယ်။
အကြံပြုချက်အနေနဲ့ ရေကိုကျိုချက်ပြီးသောက်ဖို့ အဖုံးမဖွင့်ရသေးတဲ့ သောက်ရေသန့်ဘူးတွေကိုသာသောက်ဖို့ အစာမစားမီလက်ကို ရေ/ဆပ်ပြာနဲ့ စနစ်တကျဆေးဖို့ကိုလည်း အသိပေးကြေညာထားပါတယ်။