မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ Mpox(မျောက်ကျောက်)ရောဂါ အတည်ပြုလူနာ မရှိသေးဘူးလို ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်၁၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၂ခုနှစ်ကနေ လက်ရှိအချိန်ထိ သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာ ၁၂၉ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာမရှိသေးဘူးလို ဆိုပါတယ်။
၂၀၂၄ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂို(DRC)နိုင်ငံနဲ့ အာဖရိကနိုင်ငံတွေမှာ ရောဂါကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာတာ၊ DRCနိုင်ငံအရှေ့ပိုင်းမှာ ရောဂါပိုးမျိုးကွဲအသစ်(Clade lb) လျင်မြန်စွာကူးစက်လာပြီး နယ်စပ်ဖြတ်ကျော်နဲ့ နိုင်ငံတကာကူးစက်ပျံ့နှံမှုတွေ ရှိနေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ(WHO)က Mpox(မျောက်ကျောက်)ရောဂါကူးစက်မှုကို နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဩဂုတ်၁၄ရက်မှာ ကြေညာခဲ့တာပါ။
WHOရဲ့ ရောဂါဖြစ်ပွားနိုင်ခြေသတ်မှတ်ချက်အရ Mpox(မျောက်ကျောက်)ရောဂါဟာ မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပေမယ့် အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ကူးစက်ဖြစ်ပွားမှုတွေရှိနေတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရောဂါကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ထွက်ပေါက်တွေမှာ ရောါစောင့်ကြပ်ကြည့်ရှုမှုကို နှီးနွယ်ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ လူနာတွေ့ရှိရင် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် သီးခြားလူနာဆောင်တွေ၊ လိုအပ်တဲ့ ဆေးနဲ့ဆေးပစ္စည်းတွေ အသင့်ပြင်ဆင်ထားရှိတာ၊ ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ကျန်းမာရေးအသိပညာပေးတာတွေကို ဆောင်ရွက်နေတယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Mpox(မျောက်ကျောက်)ရောဂါဟာ လိင်ကနေတစ်ဆင့်ကူးစက်တာ၊ အရေပြားထိတွေ့တာ၊ မျက်နှာချင်းဆိုင်အနီးကပ် တွေ့ဆုံတာ၊ ရောဂါပိုးကပ်ငြိနေတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ထိတွေ့တာ၊ ရောဂါပိုးကူးစက်ခံရတဲ့ တိရစ္ဆာန်နဲ့ တိုက်ရိုက်ထိတွေ့ခံရတာတွေကနေ အဓိကကူးစက်နိုင်တယ်လို ဆိုပါတယ်။
ပြည်သူလူထုအနေနဲ့ဖျားပြီး မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ အနီကွက်တွေနဲ့အတူ အရည်ကြည်ဖုတွေပေါက်တာ၊ ပြန်ရည်အိတ်တွေ ရောင်ရမ်းတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊ မောပန်းနွမ်းနယ်တာ အစရှိတဲ့လက္ခဏာတွေရှိတာ၊ ဖျားတာနဲ့ အနီစက်/အရည်ကြည်ဖုထွက်တဲ့ ရောဂါလက္ခဏာ ခံစားနေရသူတွေ၊ (အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသတွေကနေ လွန်ခဲ့တဲ့ ရက်၂၀အတွင်း ပြန်လာသူတွေ)နဲ့ ထိတွေ့မိတာရှိရင် ခရီးသွားတာကို ရှောင်ကြဉ်သင့်ပြီး နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံးသတင်းပိုကာ ကုသမှုခံယူကြဖို ထုတ်ပြန်ထားပါတယ်။