မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်က မှန်လုံယာဉ်တစ်စီးပေါ်မှာတွေ့ရှိခဲ့တဲ့ မျောက်ကျောက် ရောဂါသံသယဖြစ်ဖွယ်လူနာကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးမတွေ့ရှိဘူးလို့ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၅ ရက်၊ ညနေပိုင်းက မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဘားအံမြို့မှလာရောက်တဲ့ မှန်လုံယာဉ်တစ်စီးပေါ်က အသက် ၄၅ နှစ်အရွယ် အမျိုးသားခရီးသည်တစ်ယောက်ဟာ ဖျားတာ ၊ကိုယ်လက်ကိုက်ခဲတာ၊ မျက်နှာနဲ့အရေပြားပေါ်မှာအရည်ကြည်ဖုနဲ့ အသားဖုတွေထွက်တာ စတဲ့လက္ခဏာတွေ တွေ့ရှိရလို့ မျောက်ကျောက်သံသယလူနာအဖြစ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံရဲ့ သီးသန့်လူနာဆောင်မှာထားရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လူနာနဲ့အတူ ခရီးသည်တင်မော်တော်ယာဉ်မှာအတူလိုက်ပါလာသူ ခရီးသည် ၄၆ ယောက်ရှိပြီး တစ်ယောက်ချင်းကိုလည်း အထွေထွေကျန်းမာရေးစစ်ဆေးတာနဲ့ ကျန်းမာရေးအသိပညာပေးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီနောက် သံသယရောဂါလက္ခဏာရှိသူမတွေ့ရှိရလို့ ခရီးသည်တွေရဲ့ အချက်အလက်တွေရယူပြီး ခရီးကိုဆက်လက်ထွက်ခွာခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။
ဆက်လက်ပြီး မျောက်ကျောက်သံသယလူနာရဲ့ အရည်ကြည်ဖုတွေမှ ဓာတ်ခွဲနမူနာတွေရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို စက်တင်ဘာ ၆ ရက်၊ မနက်ပိုင်းမှာ ပေးပို့ခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။
စက်တင်ဘာ ၆ ရက်၊ ညနေပိုင်းမှာ ဓာတ်ခွဲအဖြေရရှိခဲ့ပြီး မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ပိုးတွေ့ရှိခြင်းမရှိပါကြောင်းနဲ့ လူနာရဲ့ကိုယ်ခံအားကျဆင်းလျက်ရှိတဲ့ ရောဂါကြောင့်ဖြစ်ပေါ်နေတဲ့ နောက်ဆက်တွဲအရေပြားရောဂါသာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။