မြန်မာနိုင်ငံထဲကို Mpox (မျောက်ကျောက်)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေဖို့အတွက် နိုင်ငံတကာလေဆိပ်တွေနဲ့ နယ်စပ် ဝင်/ထွက်ပေါက်တွေမှာ ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကဖြေကြားထားပါတယ်။
ဩဂုတ် ၂၂ ရက် မနက်ပိုင်းကစပြီး ရန်ကုန်နဲ့ မန္တလေးရှိ နိုင်ငံတကာလေဆိပ်တွေမှာ ဝင်ရောက်လာသူတွေနဲ့ နယ်စပ် ဝင်/ထွက်ပေါက်တွေမှာ ဝင်ရောက်လာသူတွေကို ကျန်းမာရေးဆိုင်ရာကြေညာချက်တွေကို ပြည့်စုံစွာဖြည့်သွင်းသတင်းပို့စေတာ၊ ဝင်ရောက်လာသူတွေမှာ ရောဂါသံသယလက္ခဏာတွေကိုစောင့်ကြပ်တာ၊ ကိုယ်အပူချိန်တိုင်းတာတာ စတာတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ Mpox(မျောက်ကျောက်)ရောဂါဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာ ကူးစက်လူနာတစ်ယောက်စစ်ဆေးတွေ့ရှိထားသလို ဖိလစ်ပိုင်နဲ့ပါကစ္စတန်နိုင်ငံတို့မှာလည်း ကူးစက်လူနာတွေ တွေ့ရှိထားတယ်လို့သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကူးစက်မှုကို နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ဩဂုတ် ၁၄ ရက်ကကြေညာခဲ့ပါတယ်။ မျောက်ကျောက်ရောဂါလူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တာ ဒါမှမဟုတ် ရောဂါသံသယလက္ခဏာတွေခံစားရရင် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံးသတင်းပို့ပြီး လိုအပ်တဲ့စစ်ဆေးစမ်းသပ်ကုသမှု ခံယူဖို့ ကျန်းမာရေးဝန်ကြီးကလည်း ရောဂါကာကွယ်ရေးနှိုးဆော်ချက်ထုတ်ပြန်ထားပါတယ်။