မြန်မာနိုင်ငံထဲကို Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေဖို့အတွက် နယ်စပ်ဝင်/ထွက်ပေါက် တွေက ဝင်ရောက်လာသူတွေကို ရောဂါစောင့်ကြပ်ကြည့်ရှုမှုတွေ တင်းတင်းကျပ်ကျပ် စစ်ဆေးဆောင်ရွက် နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုရေးရှိသူ ဒေါက်တာ သန်းနိုင်စိုးက One News ကို ပြောပါတယ်၊၊
လက်ရှိမှာတော့ Mpox (မျောက်ကျောက်)ရောဂါဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ကူးစက် လူနာတစ်ယောက် စစ်ဆေးတွေ့ရှိထားသလို ဖိလစ်ပိုင်နိုင်ငံမှာလည်း ကူးစက်လူနာတစ်ယောက် တွေ့ရှိ ထားတယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး လျစ်လျူရှု မနေဖို့၊ ကျန်းမာရေးအသိ၊ သတိနဲ့ နေထိုင် ကြဖို့နဲ့ ရောဂါလက္ခဏာတွေ တွေ့ရှိရင် နီးစပ်ရာကျန်းမာရေးဌာနကို ပြသဖို့လိုတယ်လို့လည်း ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်၊၊
WHO ရဲ့ ရောဂါဖြစ်ပွားနိုင်ခြေ သတ်မှတ်ချက်အရ မျောက်ကျောက်ရောဂါဟာ မြန်မာနိုင်ငံမှာ ကူးစက် ဖြစ်ပွား နိုင်ခြေ နည်းပေမယ့် အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ကူးစက်ဖြစ်ပွားမှုတွေ ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားမှုမရှိအောင် တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊
ဒါ့အပြင် မြန်မာနိုင်ငံ မှာ လက်ရှိအချိန်ထိ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ မရှိသေးဘူးလို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။