Mpox (မျောက်ကျောက်)ရောဂါကာကွယ်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေနဲ့ ရေလမ်းခရီးလမ်းကြောင်းတွေကဝင်ရောက်လာတဲ့ ခရီးသည်တွေအနေနဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ ဖြည့်သွင်းရမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေအရ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ ခရီးသည်တွေအားလုံးအနေနဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ ဖြည့်သွင်းပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာတွေကို မဖြတ်သန်းခင်သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းတွေထံ တင်သွင်းရမှာဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ ရန်ကုန်နဲ့ မန္တလေး လေဆိပ်တွေနဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ ပြည်ပနိုင်ငံတွေကဝင်ရောက်လာသူတွေကို မျောက်ကျောက်ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာတာ၊ ပြည်ပဆိုက်ရောက်ခရီးသည်တွေရဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို ကျန်းမာရေးတာဝန်ရှိသူတွေက စစ်ဆေးတာတွေကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ မျောက်ကျောက်ရောဂါဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာ ကူးစက်လူနာတစ်ယောက် စစ်ဆေးတွေ့ရှိထားသလို ဖိလစ်ပိုင်နဲ့ပါကစ္စတန်နိုင်ငံတို့မှာလည်း ကူးစက်လူနာတွေ တွေ့ရှိထားတယ်လို့သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကူးစက်မှုကို နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဩဂုတ် ၁၄ ရက်က ကြေညာခဲ့ပါတယ်။