မွေးစကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ အသက်(၁၁)နှစ်အရွယ် မော်ရိုကို ကလေးငယ်ဟာ အခုတော့ မျိုးရိုးဗီဇ ကုထုံးတစ်ရပ်ရဲ့ အကျိုးအာနိသင်ကြောင့် သူရဲ့ဘ၀မှာ ပထမဆုံးအကြိမ် အကြားအာရုံ ပြန်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီအတွက် သူ့ကို ခွဲစိတ်ကုသမှုပေးခဲ့တဲ့ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ဂျွန် ဂျာမီလာက အခု ခွဲစိတ်ကုသမှုရဲ့ အောင်မြင်မှုက အနာဂတ်မှာလည်း အကြားအာရုံ ဆုံးရှုံးရသူတွေအတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းမှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
မော်ရိုကိုလူမျိုးဖြစ်တဲ့ အိုင်ဆန်ဒမ်ဟာ ပြီးခဲတဲ့ စက်တင်ဘာလတုန်းက သူနေထိုင်ရာ စပိန်နိုင်ငံ ဘာစီလိုနာကနေ အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ကို အကြားအာရုံချို့ယွင်းမှုအတွက် ရောဂါကုသမှုခံယူဖို့ သူ့မိသားစုတွေနဲ့ အတူ လာရောက်ခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာလထဲမှာ ဖီလာဒဲလ်ဖီးယား ဆေးရုံကြီးမှာ ဒေါက်တာ ဂျွန်ဂျာမီလာရဲ့ ခွဲစိတ်ကုသပေးမှုကို ခံယူခဲ့တာပါ။ ခွဲစိတ်ကုသမှု ခံယူပြီးတဲ့နောက်မှာ အခုဆိုရင် အိုင်ဆန်ဒမ်ရဲ့ အကြားအာရုံချို့ယွင်းမှုဟာ အပျော့စား အဆင့်ပဲ ရှိတော့တယ်လို့ ဆရာဝန်ကြီး ဂျာမီလာက ပြောပါတယ်။
အိုင်ဆန်ဒမ်ဟာ မွေးကတည်းက အိုတိုဖာလင် မျိုးဗီဇလို့ခေါ်တဲ့ အကြားအာရုံဆုံးရှုံးရတဲ့ မျိုးဗီဇနဲ့ မွေးဖွားလာတဲ့ အတွက် မွေးချိန်ကစပြီး ဘာအသံဗလံမှ မကြားခဲ့ရဘူးလို့ ဆိုပါတယ်။ အခုတော့ မျိုးဗီဇကုထုံးနဲ့ ခွဲစိတ်မှုလုပ်ပေး တဲ့နောက်မှာ သူဟာ လူတွေရဲ့ အသံတွေ ၊ ကားဟွန်းတီးသံတွေ ကြားနေရပြီလို့ ဆရာဝန်ကြီး ဂျာမီလာက ပြောပါတယ်။