သုံးစွဲဖို့မသင့်တဲ့ အလှကုန် အမျိုး ၂၀ နဲ့ အစားအသောက် ၂၁ မျိုးစာရင်းကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနက ဒီဇင်ဘာလ ၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဈေးတွေ၊ ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို FDA က ဝယ်ယူစစ်ဆေးရာမှာ ခွင့်မပြုဆိုးဆေးတွေ ပါဝင်နေတာနဲ့ အစားအသောက် ထပ်ဖြည့်ပစ္စည်းတွေ သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားတာတွေကို တွေ့ရှိရ တယ်လို့ ကြေညာချက်အရ သိရပါတယ်။ ဒီစားသုံးဖို့မသင့်တဲ့ အစားအသောက်တွေထဲမှာ ဂျယ်လီတွေ၊ အချိုရည်တွေ၊ သစ်သီးယိုစုံတွေနဲ့ နို့ဒိန်ချဉ်တွေအပြင် ပုန်းရည်ကြီး၊ ငရုတ်ဆီ စတာတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် သုံးစွဲဖို့မသင့်ကြောင်း စစ်ဆေးတွေ့ရှိရတဲ့ အလှကုန်ပစ္စည်း ၂၀ မျိုးမှာတော့ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံထုတ် အလှကုန်ပစ္စည်းတွေ ပါဝင်ပြီး အလှကုန်ပစ္စည်းအများစုက မျက်နှာလိမ်း ခရင်မ်တွေ၊ တိုနာတွေနဲ့ မျက်နှာသစ်ဆေးတွေ ဖြစ်ပါတယ်။

ဒီအလှကုန်တွေထဲမှာ တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်နေပြီး ဒီပစ္စည်းတွေကို သုံးစွဲမယ်ဆိုရင် အရေပြားယားယံ ရောင်ရမ်းတာနဲ့ အခြားဘေးထွက်ဆိုးကျိုးတွေ အပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးတာနဲ့ အခြားရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုလို တားမြစ်ပစ္စည်းတွေပါဝင်တဲ့ အစားအသောက်တွေ၊ အလှကုန်တွေကို ဖြန့်ဖြူးရောင်းချတာတွေ မပြုလုပ် ဖို့နဲ့ FDA ရဲ့ တားမြစ်ချက်တွေကို မလိုက်နာရင် အမျိုးသား အစားအသောက်ဥပဒေ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေတွေအရ အရေးယူမယ်လို့ FDA က ကြေညာထားပါတယ်။