မန္တလေးငလျင်ကြီးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ ဧပြီ ၂၃ ရက်အထိ သေဆုံး သူ ၃၇၅၉ ယောက်ရှိပြီဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူ ၅၁၀၇ ယောက်နဲ့ ပျောက်ဆုံးသူ ၁၁၄ ယောက်ရှိပြီလို့လည်း ဆိုပါတယ်။

နိုင်ငံတကာကူညီထောက်ပံ့မှုတွေအနေနဲ့ ဧပြီ ၂၂ ရက် ည ၇ နာရီကနေ ဧပြီ ၂၃ ရက် ညနေ ၅ နာရီအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို IOM Myanmar က ငလျင်ဘေးသင့်သူတွေအတွက် ထောက်ပံ့တဲ့ ရွက်ဖျင်တဲတွေနဲ့ ရေသန့်စင်ဆေးတွေ စုစုပေါင်း ၁၀ ဒသမ ၉၆ တန်၊ တရုတ်နိုင်ငံဆေးကုမ္ပဏီက ကျန်းမာရေး ဝန်ကြီးဌာနနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီး(ခုတင် ၁၅၀၀)တို့ကိုလှူဒါန်းတဲ့ ဆေးဝါးတန်ချိန် ၂ ဒသမ ၀၀၄ တန် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း ဘေးသင့်ပြည်သူတွေရဲ့လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။