အင်အားအလွန်ပြင်းထန်တဲ့ မန္တလေးငလျင်ကြီးကြောင့် ဧပြီ ၇ ရက်အထိ စာရင်းအရ သေဆုံးသူ ၃၆၀၀ ရှိပြီ ဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒဏ်ရာရသူ ၅၀၁၇ ယောက်ရှိပြီး အယောက် ၁၆၀ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးအနေနဲ့ နိုင်ငံပေါင်း ၂၀ က လေယာဉ် ၉၄ ခေါက်၊ မော်တော်ယာဉ် ၆ စီး၊ သင်္ဘော ၅ စင်း ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၃၈ ယောက်၊ ထောက်ပံ့ရေးပစ္စည်း ၁၂၈၁ တန်ကျော်၊ ကယ်ဆယ် ရေးပစ္စည်း ၈၄၄ တန် ရောက်ရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။ကူညီကယ်ဆယ်တဲ့နေရာမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဗော်လန်တီယာတွေနဲ့ နိုင်ငံတကာက ကူညီကယ်ဆယ် ရေးအဖွဲ့တွေ ပူးပေါင်းပြီး အသက်ရှင်လျက် ၆၅၃ ယောက်ကို ကယ်ဆယ်နိုင်ခဲ့သလို ရုပ်အလောင်း ၇၀၀ ရှာဖွေ တွေ့ရှိထားပြီး ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လွှတ်ပေးပြီး ထောက်ပံ့ရေးပစ္စည်းတွေ ကူညီပေးတဲ့ နိုင်ငံတွေက တော့ ရုရှား၊ တရုတ်၊ တရုတ်(ဟောင်ကောင်)၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘီလာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တူကီယဲ၊ အမေရိကန်နဲ့ သီရိလင်္ကာ စတဲ့ နိုင်ငံတွေဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။