ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ နောက်ပိုင်း ပထမဆုံးအဖြစ် အမ်ပေါက်စ်ရောဂါ ကူးစက်လူနာသစ်ကို စစ်ဆေးတွေ့ရှိထားကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
အဲဒီလူနာရဲ့ ဆေးစစ်ဆေးမှု အဖြေတွေကို စောင့်ဆိုင်းနေပြီး ရလဒ်အပြည့်အစုံ ထွက်ပေါ်လာမှ ဘယ် ဗိုင်းရပ်စ် မျိုးကွဲ ကူးစက်ခံထားရသလဲဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
ကူးစက်ခံရတဲ့ လူနာဟာ အသက်(၃၃)နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသားတစ်ယောက်ဖြစ်ပြီးတော့ နိုင်ငံပြင်ပကို ခရီးသွားရာဇဝင် မရှိဖူးတဲ့သူလို့လည်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က အမ်ပေါက်စ်လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ပြီးခဲ့တဲ့အပတ် သောကြာနေ့က ကြေညာခဲ့ပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီအမ်ပေါက်စ်ဟာ အိမ်နီးချင်းနိုင်ငံ တွေကို အလျင်အမြန် ကူးစက်ပျံ့နှံ့လာတဲ့နောက်မှာ ကမ္ဘာတစ်ဝန်းမှာ အဲဒီအမ်ပေါက်စ်ဗိုင်းရပ်စ်ရဲ့ မျိုးကွဲသစ် အပေါ်မှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ရပါတယ်။
WHO က ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာပြီး နောက်တစ်နေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာ ဆွီဒင်နိုင်ငံမှာ အမ်ပေါက်စ်လူနာတစ်ယောက် တွေ့ရှိခဲ့ရသလို ကြေညာချက်ထွက်ပြီး ၂ ရက်အကြာ သောကြာနေ့မှာ ပါကစ္စတန်နိုင်ငံမှာလည်း ပင်လယ်ကွေ့နိုင်ငံတစ်နိုင်ငံ ကနေ ပြန်လာသူဆီမှာ အမ်ပေါက်စ်ရောဂါကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။