ပရဟိတလုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ဆောင်နေကြသူတွေအနေနဲ့ ပြီးခဲ့တဲ့ဩဂုတ်လဆန်းပိုင်းလောက်က အသင်းပိုင်လူနာတင်ယာဉ်တွေနဲ့ကူညီပို့ဆောင်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်ရာမှာ စက်သုံးဆီအခက်အခဲတွေဖြစ်ပေါ်ခဲ့ပေမယ့် လက်ရှိမှာတော့ ပြန်လည်ပြေလည်လာတယ်လို့ ပရဟိတအသင်းတွေဆီကနေသိရပါ တယ်။
ပြီးခဲ့တဲ့ဩဂုတ်လဆန်းပိုင်းက စက်သုံးဆီအခက်အခဲတွေဖြစ်ပေါ်ခဲ့တာကြောင့် အကူအညီတောင်းခံလာတဲ့ လူနာတွေထဲက မဖြစ်မနေ ပို့ဆောင်ကူညီပေးရမယ့်လူနာတွေကိုသာစိစစ်ပြီး မလွှဲမရှောင်သာ လူနာအရေအတွက်နဲ့ အခေါက်ရေလျှော့ချကူညီခဲ့ရတာတွေရှိခဲ့တယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၅)ရပ်ကွက်မှ ယုယကျန်းမာရေးကူညီမှုပရဟိတအဖွဲ့ရဲ့နာယက ဦးစိုးယုကပြောပါတယ်။
လက်ရှိမှာတော့ အဲဒီလို စက်သုံးဆီ အခက်အခဲတွေမရှိတော့ဘဲ ပြန်လည်ပြေလည်မှုရှိလာတယ်လို့လည်း ဦးစိုးယုကပြောပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်လပ်မှုမရှိစေဖို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း) အပါအဝင် နိုင်ငံတစ်ဝန်းက အရောင်းဆိုင်တွေကို ဆီတင်ယာဉ်တွေများစွာနဲ့ တိုးမြှင့်ဖြန့်ဖြူးပေးနေတာကြောင့် အခုရက်ပိုင်းအတွင်း ယာဉ်တန်းစီးဝယ်ယူမှုတွေ လျော့နည်းကျဆင်းကာ ပုံမှန်ဝယ်ယူမှုအခြေအနေကို ပြန်လည်ရောက်ရှိခဲ့ပြီး ဆက်လက်တိုးမြှင့်ဖြန့်ဖြူးပေးဖို့ စီစဉ်နေတယ်လို့လည်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။