မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က နေပြည်တော်ကောင်စီနယ်မြေကို ငလျင်ဘေးဒဏ်ခံစားနေရသူတွေအတွက် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ သဘာဝဘေး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ၇ ဖွဲ့ကို ဧပြီ ၂၁ ရက်က ထပ်မံ စေလွှတ်လိုက်တယ်လို့ သိရပါတယ်။ အဖွဲ့ဝင် ၄၉ ယောက်ပါတဲ့ သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးအဖွဲ့၁၀ ဖွဲ့ကို ပထမအကြိမ် စေလွှတ်ခဲ့ပြီးနောက် အခု ဒုတိယအကြိမ်အဖြစ် အဖွဲ့ဝင် ၃၅ ယောက်ပါတဲ့ အဖွဲ့ ၇ ဖွဲ့ကို ထပ်မံ စေလွှတ်ခဲ့တာပါ။

ထပ်မံစေလွှတ်ခဲ့တဲအဖွဲ့တွေဟာ ကျန်းမာရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမှာ ကူညီဆောင်ရွက်သွားမှာ ဖြစ် တယ်လို့ မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက ပြောပါတယ်။ နေပြည်တော်ကောင်စီနယ်မြေကို သွားရောက်ကူညီမယ့် သဘာဝဘေး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကို မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့ငွေနဲ့ ဆေးစိမ်ခြင်ထောင်တွေ ပေးအပ်ခဲ့ပါတယ်။

မကွေးတိုင်းအစိုးရအဖွဲ့ဟာ ငလျင်ဘေးဒဏ်ခံရတဲ့ နေပြည်တော်နဲ့ မန္တလေးဒေသတွေကို သွေးလှူဒါန်းတာအပြင် တခြားလိုအပ်တဲ့ ထောက်ပံ့ငွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့အပြင် နေပြည်တော် ကောင်စီနယ်မြေမှာ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုအပြီးကစလို့ ဒီကနေ့အထိ တစ်ရက်ကို လူအယောက် ၁၀၀၀ စာ ထမင်းကျွေးမွေးလှူဒါန်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။